စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ မိန့်ခွန်းကို ဘယ်လိုရှုမြင်ကြသလဲ

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.02.08

တပ်မတော်က အာဏာသိမ်းပြီး ၈ ရက်အကြာမှာ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပါတယ်။

တပ်မတော် အာဏာသိမ်းပြီး ရှစ်ရက်မြောက်တဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ မဲမသမာမှုတွေ ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေက ဥပဒေနဲ့ အညီ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမပေးခဲ့တဲ့အတွက် စစ်အာဏာသိမ်းရတာလို့ ပြောပါတယ်။

"ရွေးကောက်ပွဲအပြီးကာလမှာလည်း အငြင်းပွားမှုတွေ ဆက်တိုက် ဖြစ်နေပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၁၇ မှု ရှိပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဖြေရှင်းပေးဖို့ UEC ကို ရွေးကောက်ပွဲ မတိုင်မီ ကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရေး ပါတီများအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တပ်မတော်ကို အကူအညီတောင်းခံခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့ပါတယ်"

ဒီမိန့်ခွန်း မပြောခင် အထူးသတင်းထုတ်ပြန်ရာမှာ … လတ်တလောကာလ ဆန္ဒပြပွဲတွေမှာ ဥပဒေချိုးဖောက်လာတာတွေ ရှိတဲ့ အတွက် စတင်အရေးယူတော့မယ့် အကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ကြေညာချက်ကို မေတ္တာရပ်ခံချက်လို့ ကြေညာခဲ့ပေမယ့် ဒါဟာ ပြည်သူလူထုကို ခြိမ်းခြောက်လာတာ ဖြစ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ်ကာလမှာ ရှေ့ဆက် လုပ်ဆောင်မည့်အချက် (Road Map) ၅ ချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ အဲဒီ ၅ ချက်ထဲမှာ ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းထားပြီး အရေးပေါ်ကာလပြီးဆုံးတာနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းတွေ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါတယ်။ UEC အသစ်ကို ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ မဲစာရင်းတွေ စစ်ဆေးလျက်ရှိပါတယ်။ အမြန်ဆုံး ထုတ်ပြန်ပေးသွားပါမယ်။ ဒီနေရာမှာ ထူးခြားနေတာက ယခင် UEC က တတိယအကြိမ် မဲစာရင်းထုတ်ပြန်ခဲ့တယ်ပြောပါတယ်။ လက်တွေ့ စစ်ဆေးကြည့်ရာမှာ တတိယအကြိမ် မဲစာရင်းဆိုတာ ယခုထိမတွေ့ပါဘူး။ တွေ့ရရင်လည်း အတည်ပြုလုပ်ဆောင်ပါမယ်။ ဒုတိယအကြိမ် မဲစာရင်း ကိုပဲ ပြန်လည် လုပ်ဆောင်ထားတာ ဖြစ်ကြောင်း တွေ့ရပါတယ်"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ ပြည်သူလူထုမျှော်လင့်ထားချက်တွေ လုံးဝမပါဝင်တဲ့ မိန့်ခွန်းဖြစ်တယ်လို့ ရှေ့နေဦးရောဘတ်စန်းအောင်က ဝေဖန်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်တဲ့ ဒေါက်တာတင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ အမေရိကန်ပြည်ထောင်စုက သမ္မတဟောင်းဒေါ်နယ်ထရမ့်ပြောတဲ့ မိန့်ခွန်းဟာ အတော်တူတယ်လို့ ထောက်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ (Road Map) ၅ ချက်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့သူတွေကို စိစစ်လက်ခံသွားမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒီအချက်ဟာ ICJ နိုင်ငံတကာတရားရုံးက စွပ်စွဲချက်တွေကို ရှောင်လွှဲလိုတဲ့အတွက် ထည့်သွင်းပြောသွားတာ ဖြစ်တယ်လို့လည်း ဒေါက်တာ တင့်ဆွေက ဝေဖန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုအနေနဲ့ စိတ်ခံစားချက်နောက်ကို မလိုက်ဘဲ အချက်အလက်တွေကို သေချာလေ့လာကြဖို့ကိုလည်း ထည့်သွင်း ပြောခဲ့ပါတယ်။

"တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပြည်သူနဲ့လက်တွဲ အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ယခုလည်း စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားလာရေး ဆောင်ရွက်လျှက် ရှိနေပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ စုပေါင်းဖွဲ့စည်းမှု၊ ဆွေးနွေး ညှိနှိုင်းအဖြေရှာမှု နည်းလမ်းတွေကိုသာအသုံးပြုပြီး မြန်မာနိုင်ငံ၊ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အနေနဲ့ စိတ်ခံစားမှု ထက် ပကတိအချက်အလက်များ၊ အမှန်တရားများကိုရှေးရှုပြီး လက်တွဲညီ ဆောင်ရွက်သွားပါစို့လို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်"

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ကတော့ … ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတာဟာ မတရားတဲ့ဘက်နဲ့ တရားမျှတမှု ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်သူလူထုအနေနဲ့ ဒါကို ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုတယ်လို့ ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူထုလှုပ်ရှားမှုတွေနဲ့ စစ်အစိုးရရဲ့ ရပ်တည်နေပုံတွေကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင် ပြောခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦးရဲဝင်းအောင်
2021-02-09 06:02

တရားမဝင်တဲ့သူပုန် နိုင်ငံတော်ပုန်ကန်သူ လူသတ်သမား လူလိမ် လူယုတ်မာဘာပြောပြောစိတ်ကိုမဝင်စားဘူးဗျာ နိုင်ငံတော်အာဏာလုတဲ့အချိန်ကစပြီးဘာသတင်းမှနားမထောင်ဘူးလုံးဝအသိအမှတ်မပြုဘူးဗျာ

ဦးရဲဝင်းအောင်
2021-02-09 06:03

တရားမဝင်တဲ့သူပုန် နိုင်ငံတော်ပုန်ကန်သူ လူသတ်သမား လူလိမ် လူယုတ်မာဘာပြောပြောစိတ်ကိုမဝင်စားဘူးဗျာ နိုင်ငံတော်အာဏာလုတဲ့အချိန်ကစပြီးဘာသတင်းမှနားမထောင်ဘူးလုံးဝအသိအမှတ်မပြုဘူးဗျာ

မင်းမင်းဇော်
2021-02-09 07:46

လုံးဝမတရားပါဘူး