TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးတာတွေရှိ


2017.11.05
tnla-soldiers-622.JPG TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ဆက်စပ်မှုတွေရှိနေတယ်ဆိုပြီး အစိုးရတပ်မတော်က နေအိမ်တွေ အတွင်း ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်မှာ အခုလို စစ်ဆေးမှုတွေလုပ်ဆောင်နေတာ လေးလနီးပါး ရှိနေပြီလို့  တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးမြင့်ကျော် က ပြောပါတယ်။

"အိမ်တွေမှာ လိုက်ဖမ်းတာလည်းရှိတယ်။ လမ်းတွေမှာ လိုက်ဖမ်းတာလည်းရှိတယ်။ ဒီလိုဖမ်းနေတာ၊ စစ်ဆေးနေတာကတော့ တပ်မ ၈၈ ရောက်ကတည်းကပါပဲ။ လေးလလောက်ရှိပြီထင်တယ်။ အိမ်တွေ ထဲဝင်ပြီး ရှာတာတို့ ဘာတို့က အခုတပ်မမှပဲ လုပ်လာတာ"

ဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီး ဖုန်းဆက်ပြောကြားလာတာတွေရှိပေမယ့် တပ်မတော်နဲ့ TNLA နှစ်ဖက်စလုံးကို ဘယ်လိုပုံစံတင်ပြနိုင်မလဲဆိုတာ မသိတာကြောင့် ကူူညီပေးနိုင်တာမရှိသေးဘူးလို့ နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော် က ပြောပါတယ်။

"တချို့မိဘကလည်း ဖုန်းဆက်လာတယ်ပေါ့ဟာ။ အသိတွေထဲက ဘယ်လိုလုပ်ရမလဲဆိုတော့ ကျနော် တို့လည်း ဘယ်လိုမှမလုပ်တတ်ဘူး။ လုပ်လို့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ။ ဟိုဘက်ကိုလည်း ကျနော်တို့က ပြောလို့မရ။ မကောက်နဲ့မလုပ်နဲ့လို့လည်း ပြောလို့မရ။ စစ်တပ်ကိုလည်း ကျနော်တို့က သွားပြောလို့ မဖြစ်ဘူး။ အဲ့လိုပုံစံမျိုးဖြစ်နေတယ်။ မဟုတ်တဲ့ဟာတော့ပြန်လွှတ်တယ်။ ဟုတ်တဲ့ဟာ ကျတော့လည်း အချုပ်ထဲထည့်တယ်။ အဲ့လိုတော့ ကြားတယ်"

နမ့်ခမ်းမြို့နယ်က ဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စိုးနိုင်ဦးနဲ့ ဗိုလ်ချုပ်အောင်ရဲဝင်း တို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲက တချို့ကို ပြန်လွှတ်တာတွေရှိသလို တချို့ကို နမ့်ခမ်းမြို့နယ်အတွင်းက တပ်မ ၈၈ မှာ ထိန်းသိမ်းထားပြီး တချို့ကို လားရှိုးမြို့ကို ပို့ဆောင်စစ်ဆေးတာနဲ့ တချို့ကို ထောင်ဒဏ်ချမှတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေ ကပြောကြပါတယ်။

TNLA ရဲ့ တပ်သားသစ် စုဆောင်းရေးမူဝါဒမှာ ပလောင်တိုင်းရင်းသား အိမ်ထောင်စုတိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားနှစ်ဦးရှိရင် တစ်ဦးက တအာင်းလွတ်မြောက်ရေး တပ်မတော်ကို ဝင်ရမယ်ဆိုတဲ့ အချက်ပါရှိပြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ကင်းလွတ်ခွင့်ပေးထားပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်သားသစ်စုဆောင်းတဲ့ မူဝါဒနဲ့ အစိုးရ တပ်မတော်ဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်စပ်မှုတွေရှိနေသူတွေကို ဖမ်းဆီးအရေးယူနေမှုတွေ ကြား ဒေသခံတွေ အခက်အခဲတွေကြုံနေရပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိလာနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။