နေပြည်တော် ပုဗ္ဗသီရိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား


2013.09.20
npt-305.jpg ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဝဲကြီးရွာကို စက်တင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Myint Oo

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအခင်းဖြစ်ပြီး ရွာသားတချို့ တိမ်းရှောင်နေရသလို၊ ရဲတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ ပြီး ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။

အဲဒီဒေသမှာ လယ်သိမ်းခံထားရသူတွေ ဘက်ကကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဌ ကိုဇော်လတ်နဲ့ အခြားရွာသား ၃ ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဝင်ရောက်ဖမ်းဆီးရာ ရွာသားတွေကရဲတွေကို ပြန်ပြီးဖမ်းဆီးလိုက် တာဖြစ်ပါတယ်။ မနက်လင်းအားကြီးအချိန်မှာတော့ ရဲတပ်ဖွဲ့တွေထပ်ရောက်သွားပြီး ရွာထဲမှာအဖမ်းခံထား ရတဲ့ ရဲတွေကိုခေါ်ထုတ်သွားတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ ဦးအောင်က အခုလိုပြောပါတယ်။

ရဲ ၈ဝ ကျော်က ရွာထဲကိုဝင်တယ်၊ အိမ်လေးအိမ်အတွက် ခွဲလိုက်တာတစ်အိမ်ကို ရဲ ၂ဝ ကျော်ပေါ့ဗျာ၊ အဲလိုခွဲပြီးတော့မှ ကိုဇော်လတ်အပါအဝင် အိမ်လေးအိမ်ကို ဝိုင်းပြီးတော့ ဝရမ်းလည်းမပါဘူး၊ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်လည်းမရှိပဲနဲ့ ဝိုင်းပြီးတော့ဖမ်းကြတယ်၊ အဲဒီမှာ ကိုဇော်လတ်ရဲ့ အမျိုးသမီးကိုလည်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီးဖမ်းတယ်၊ သူ့ကလေးကိုလည်း ရိုက်နှက်ပြီးတော့ဖမ်းတယ်၊ အဲလိုဖမ်းတဲ့အခါကျတော့ ရွာသားတွေက ဝိုင်းပြီးတော့ ရဲ ၂၂ ယောက်ကို ဖမ်းပြီးတော့ ကြိုးနဲ့တုတ်ထားတယ်၊ မနက်ခင်းကျတော့ အဲ့ဒီရဲ ၂၂ ယောက်ကို ရဲအင်အား ၁၅ဝ လောက်နဲ့ လက်နက်ကိုယ်စီနဲ့လာခေါ်သွားတယ်”

ဝဲကြီးရွာကိုသွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေတွင်းကုန်းရဲစခန်းကလို့သိရပြီး၊ အဲဒီရဲစခန်းကို ဆက်သွယ်တဲ့အခါ တယ်လီဖုန်း အဆက်အသွယ်မရခဲ့ပါဘူး။ ဒါကြောင့် အဲဒီအနီးက ထုံးဖိုရဲစခန်းကိုဆက်သွယ်တဲ့အခါ သူတို့စခန်းက ရဲတပ်ဖွဲ့ဝင်တွေမပါတဲ့အတွက် ဖြစ်ရပ်ကို အသေးစိပ်တိတိကျကျ မသိရပေမဲ့ ရဲ ၄၅ ယောက်လောက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ကြားရတဲ့အကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပုဗ္ဗသီရိမြို့နယ် NLD ဥက္ကဌ ဦးအောင်က သူတို့ရဲ့ပါတီဗဟိုကို အသေးစိတ် အစီရင်ခံစာတင်ဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။

ဒီပဋိပက္ခနဲ့ ပတ်သက်လို့ ပုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ ဦးအောင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။