ပုလဲမြို့မှာ ရဲနဲ့ဒေသခံတချို့ ပဋိပက္ခဖြစ်ပြီး သုံးဦး ဒဏ်ရာရ

ဝေယံမိုးမြင့်
2020.07.07

ပုလဲမြို့နယ် မြကုန်းကျေးရွာအနီးမှာ စစ်ဆေးရေးဂိတ် ဆောက်လုပ်ဖို့အတွက် ဆောင်ရွက်နေတာကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၇ ရက်နေ့  ဒီနေ့ မနက် ၇ နာရီလောက်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ငါးဦး ဖမ်း ဆီးခံရကာ သုံးဦး ရာဘာကျည်ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ငါးဦးကို ဒီနေ့ပဲ ပြန်လွှတ်ပေးလိုက်တယ်၊  ရာဘာကျည် ထိမှန်ခဲ့သူတွေရဲ့ ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်က ပဋိပက္ခဖြစ်ပွားချိန်မှာ ဒေသခံရွာသား ၃၀၀ လောက်ရှိနေပြီး ရဲတပ်ဖွဲ့က အင်အား ၅၀ လောက်ရှိ တယ်လို့ပြောတယ်။

အဲဒီစစ်ဆေးရေးဂိတ် ဆောက်လုပ်တာကို မူလက ကျေးရွာမျက်နှာစာမှာရှိတဲ့ မယ်ဇာလီတောထဲလုပ်ဖို့စီစဉ်ရာမှာ ကျေးရွာက ကန့်ကွက်ခဲ့တာကြောင့် မနီးမဝေးက ဆူးတောထဲဆောက်လုပ်ဖို့ လုပ်ဆောင်ရာမှာ ထပ်မံပြီး ကန့် ကွက်ကြတာလို့ ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက် ပြောပါတယ်။

"ကျွန်တော်တို့လည်း အကြိမ်ကြိမ်ခေါ်ညှိပြီးပြီ၊ မူလက ရွာအရှေ့က မယ်ဇလီပင် လေး၊ ငါးပင်လောက်ခုတ် ရမှာ အဆောက်အအုံက ၂၀ x ၄၀ ဆိုတော့ သူတို့က အခုတ်မခံဘူး၊ အဲဒါရဲ့ အရှေ့ဘက် ကန္တာရဆူးတောကြီး မှာ လုပ်ချင်လုပ်ဆိုတော့ အဲနေရာမှာ အခုလုပ်တာမှာ ထပ်ဖြစ်ကြတာပဲ၊ သူတို့လက်မခံတဲ့နေရာမှာ လုပ်တာ မဟုတ်ဘူး။"

အဆောက်အအုံကို ရွာလယ်ကကွင်းပြင်မှာပဲ ဆောက်စေချင်ပြီး ရွာဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့ပေးဖို့ ဒေသခံတွေက တောင်းဆိုနေတာလို့ မြကုန်းကျေးရွာသား ဦးဌေးမောင်က ပြောပါတယ်။

"ရွာက လက်ခံတဲ့နေရာက ရွာလယ်ခေါင်က ရေအိုးစင်ကြီးရှိတယ်၊ မြေကွက်လပ်ကြီး ဘာမှမရှိဘူး၊ မဖြစ်မနေ လုပ်ရမယ်ဆို အဲမှာလုပ်၊ ရွာဖွံ့ဖြိုးရေးအတွက် နဲနဲပါးပါး ထောက်ပံ့ပေးပေါ့၊ သူတို့ဆက်လုပ်နေရင်တော့ ရွာကလက်မခံဘူးတားကြမှာပဲ။"

ကျေးရွာအနီးက ပုလဲ - ဂန့်ဂေါလမ်းဟာ အိန္ဒိယနိုင်ငံဘက်ကို သွားလာတဲ့လမ်းဖြစ်ပြီး မူးယစ်ဆေးဝါး၊ အခွန်မဲ့ ပစ္စည်း၊ လက်နက်တွေကို စစ်ဆေးဖို့ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးရေးဂိတ်တည်ဆောက် မှာ ဖြစ်ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဆောက်ကို တိုင်းဒေသကြီးအစိုးရ ဘက်ဂျက်ကနေ သုံးစွဲဖို့ စီစဉ်ထားတာကြောင့် စက်တင်ဘာလမှာ အစိုးရအနေနဲ့ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတို့ရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဝန်ကြီးက အစည်းအဝေးရှိနေတယ်လို့ ဆိုပြီး  ဖြေကြားခြင်းမရှိပါဘူး။

ဒေသခံတွေကတော့ သူတို့သဘောတူတဲ့နေရာမှာ မတည်ဆောက်ဘူးဆိုရင် ဆက်လက်ကန့်ကွက်သွားမယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဆောက်လုပ်ဖို့အတွက် ဇွန်လကတည်းက ညှိနှိုင်းနေကြတာဖြစ်ပြီး နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။