ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းနှစ်ထောင်ကျာ်ရှိ


2017.08.29
butheetaung-refugees-622.jpg ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို တွေ့ရစဉ်
ဓာတ်ပုံ- ကျော်သူရ(နွားရုံတောင်)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းနှစ်ထောင်ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ဟာ ထွက်ပြေး လာသူတွေအတွက် လိုအပ်တာတွေ ကူညီပေးနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာ ယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။

"လူဦးရေ စုစုပေါင်းဆိုရင် ၁၂၁၀၆ ယောက် ဒါမနေ့ကစာရင်းပေါ့၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်တို့က Helicopter နဲ့ပဲသွားပြီးတော့ ဒီနေ့ဆိုရင် ၃ ရက်ရှိပြီ၊ အဲလိုပဲသွားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်။"

ထွက်ပြေးလာသူတွေဟာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရဲစခန်းတွေနဲ့ တပ်စခန်းတွေ စတဲ့ လုံခြုံရေးတွေ ရှိတဲ့နေရာတွေမှာ လာရောက်ခိုလှုံနေထိုင်ကြတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ပြောပါတယ်။

ကျန်းမာရေး လိုအပ်ချက်တွေအတွက် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ကိုယ်တိုင် လာရောက်စောင့်ရှောက်ပေးနေတယ်လို့လည်း  ဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။

ခိုလှုံလာသူတွေထဲမှာ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက် လူမျိုးတွေ ပါဝင်သလို ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီနေ့မှာလည်း ဘူးသီးတောင်၊ မောင်တောဒေသကနေ စစ်တွေမြို့ကို လူပေါင်း ၂၀၀ ကျော် ထွက်ပြေးလာကြ တယ်လို့ သိရပါတယ်။  

အစွန်းရောက် အကြမ်းဖက်သမားတွေဟာ မောင်တောမြို့ကို စနစ်တကျဖျက်ဆီးဖို့ ကြံစည်လုပ်ဆောင်နေတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။