နမ့်ဆန်တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ထောင်နီးပါး ထွက်ပြေးနေရ


2019.09.14
aiktun-622.jpg လက်နက်ကြီးကျလို့ ခြေထောက်ဒဏ်ရာရခဲ့တဲ့ ဦးအိုက်ထွန်းကို ဆေးရုံပို့ဖို့ စီစဉ်နေစဉ်
ဓါတ်ပုံ - bay dar

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာနဲ့တောင်ရိုးဘုရားအနီးမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တို့ ဒီနေ့အထိ နှစ်ရက်ဆက်တိုက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့ တိုက်ပွဲအတွင်း ရွာထဲ လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရထားသလို အမျိုးသမီးတစ်ဦးလည်း မျက်နှာမှာ ထိခိုက်ထားတဲ့အတွက် သူတို့နှစ်ဦးကို ဆေးရုံ ပို့ဆောင်နိုင်ဖို့စီစဉ်နေစဉ်မှာပဲ ခြေထောက်ဒဏ်ရာရခဲ့တဲ့ ဦးအိုက်ထွန်း သေဆုံးခဲ့တာပါ။

နှစ်ရက်ဆက်တိုက်တိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ်ကို ဒေသခံတစ်ထောင်နီးပါးလည်း ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ဟိုချောင်းရွာ၊ ကယားလမ်းရွာ၊ ဇယန်မြောက်ရွာ၊ ဇယန်ခေးရွာတွေက ဒေသခံတွေဟာ နမ့်ဆန်မြို့ပေါ်က ဇယန်ကြီးဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။

တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ဆရာတော်နဲ့ သီလရှင်တွေကို ဒီမနက်မှာပဲ နမ့်ဆန်မြို့ ဆရာတော်တွေနဲ့ ပရဟိတအဖွဲ့တွေက သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိမ်းရှောင်လာတဲ့ရွာသားတွေကိုလည်း လူမှုကူညီရေးအသင်းတွေက ကားတွေနဲ့ လမ်းခရီးကနေ သွားရောက်ခေါ်ဆောင်ခဲ့ကြတာလို့ နမ့်ဆန်မြို့ခံ ကိုအောင်မြင့်က ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ တပ်မတော်ဘက်က စတင်ပစ်ခတ်တာဖြစ်ပြီး ရဟတ်ယာဉ် အသုံးပြုတာတွေအထိ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီနေ့မနက်မှာလည်း မနေ့ကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးမှာပဲ တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

စက်တင်ဘာလ ၁၂ရက်နေ ကလည်း ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ ခြုံဟောင်းကျေးရွာနားမှာ တပ်မတော်နဲ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ရက်နေ့ကစပြီး တပ်မတော်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် နှစ်ဘက်စလုံးက အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ ကာလမှာ အခုလိုတိုက်ပွဲတွေ ပြန်ဖြစ်တာပါ။

အပစ်ရပ်ကြောင်း နှစ်ဘက်ထုတ်ပြန်ထားချိန် တိုက်ပွဲတွေဆက်ဖြစ်နေရတာဟာ တပ်မတော်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ သုံးပြီး အင်အားအလုံးအရင်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ဖြစ်တယ်လို့ ညီနောင် မဟာမိတ် သုံးဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျိုင်းတုံမှာ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အပစ်ရပ်ပြီးနောက် ရရှိထားတဲ့ တည်ငြိမ်မှုအခြေအနေတွေကို ထိခိုက်စေနိုင်ကြောင်း ကြေညာချက်က ဆိုပါတယ်။

တိုက်ပွဲအခြေအနေ၊ ညီနောင် မဟာမိတ်အဖွဲ့ကြေညာချက်တို့နှင့် ပတ်သက်ပြီး တပ်မတော်ရဲ့ တုံ့ပြန်ချက်ရရှိရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ - မြို့လုံခြုံရေး လှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကြောင်းနဲ့ တောင်ရိုးစေတီမှာ ဒီရက်ပိုင်းလောက်ကမှ နေရာယူထားတဲ့ TNLA တပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်၊ တောင်ရိုးစေတီဟာ ဘယ်တပ်မှ နေရာယူထားတဲ့နေရာ မဟုတ်ဘူး၊ မြို့ကို အပေါ်စီးက မြင်ရတဲ့နေရာဖြစ်တယ်၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နေရာယူ ပစ်ခတ်နိုင်တဲ့နေရာဖြစ်တယ်၊ အဲဒီနေရာမှာ TNLA က အင်အားအလုံးအရင်းနဲ့ နေရာယူထားလို့ တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း၊ လိုအပ်လို့ အသုံးပြုခဲ့တာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထားချိန်မှာ အမြတ်မထုတ်ဖို့၊ အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့တာတွေ မလုပ်ဖို့၊ ဒါတွေကို လိုက်နာမှုမရှိလို့ တိုက်ခိုက်တာလို့ တပ်ဘက်က တုန့်ပြန်ပါတယ်။

ဒဏ်ရာရသူတွေကို ကယန်းကြီးကျေးရွာအထိ သယ်လာခဲ့ပေမယ့် ဆေးရုံပို့ဆောင်ပေးမယ့် လူမှုကူညီရေးအဖဲ့ွတွေကို အဲဒီကယန်းကြီးကျေးရွာကို တပ်မတော်က သွားခွင့်မပေးဘူးဆိုတဲ့ ပြောဆိုချက်တွေကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - အဲဒီအခြေအနေအသေးစိတ်ကို သူ့အနေနဲ့ မသိသေးပေမယ့် နယ်မြေလုံခြုံရေးအခြေအနေအရ တိုက်ပွဲတွေကြောင့် ဝင်ထွက်ခွင့်မပေးတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်၊ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ ကျိုင်းတုံမြို့မှာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ ပြုလုပ်မယ့် မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲဟာ အရေးကြီးတဲ့အတွက် တွေ့ဆုံပွဲကထွက်လာတဲ့ ရလဒ်မကောင်းရင် အန္တရာယ်ရှိတယ်လို့ မနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလယ်ကစလို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၁၇ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီလို့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာရေးရာ ညှိနှိုင်းရေးမှူးရုံးက ဒီလ ၄ ရက်နေ့မှာပဲ ထုတ်ပြန်ထားတာပါ။

သေဆုံး၊ ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတဲ့အတွက် စိုးရိမ်မိကြောင်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်စာနာရေးရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။