တိုက်ပွဲဖြစ်မှာစိုးရိမ်တဲ့ ဒေသခံတွေ နမ္မတူမြို့ပေါ် တိမ်းရှောင်နေ
2017.05.13

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်က ကျေးရွာ ၈ ခုမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အသီးသီးနေရာ ယူလိုက်တဲ့အတွက် တိုက်ပွဲဖြစ်မှာစိုးရိမ်တဲ့ ဒေသခံ ၃၀၀ နီးပါးဟာ နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြ ပါတယ်။
တိုင်းရင်းသားတပ်တွေက ရွာတွေထဲမှာ ကိုယ့်နေရာကိုယ်ပြန်ယူတဲ့ သဘောမျိုးဖြစ်ပေမယ့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ပြောင်းလာကြတာလို့ နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ အတွင်းရေးမှူး ကိုအောင်ဆန်းမြင့် က ပြောပါတယ်။
"ဒီဘက်မှာကတော့ မြောက်ပိုင်းတပ်ရော ၊ RCSS တောင်ပိုင်းတပ်ရော TNLA ရော ရှိတာပဲ သူ့နေရာ သူအခြေချ ကိုယ့်နေရာကိုယ် အခြေချသဘောမျိုးနေနေတဲ့သဘောပဲ၊ ရွာတွေထဲမှာပဲ ရွာတွေထဲမှာ ရှိနေတော့ တဖက်ဖက် ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေက ပစ်ခတ်လာရင် ကြားထဲက ထိခိုက်မှုရှိမှာ စိုးရိမ်လို့ သူတို့ထွက်လာတာပါ"
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစတင်ပြီး ပြောင်းရွှေ့လာကြတာဖြစ်ပြီး ဒီနေ့အထိ ဆက်လက်ပြောင်းရွှေ့ လာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
နမ္မတူမြို့နယ်ထဲက ဆိုက်ခေါင်၊ နမ့်ကန်၊ မြန်မာရွာ၊ ဟာလင်၊ နမ္မဆော့၊ ပန်ဝိုး၊ ပိန်လောင်း၊ ကုန်းဆာကျေး ရွာတွေက ဒေသခံ ၂၈၉ ဦး ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။
ပြောင်းရွှေ့လာသူတွေကို လတ်တလောမှာ ရွှေမြင်သာဘုန်းတော်ကြီးကျောင်းမှာ နေရာချထားပေးပြီး နမ္မတူမြို့နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့က ထောက်ပံ့ထားပေးတယ်လို့ ပြောပါတယ်။
နမ္မတူ မြို့နယ်မှာ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မန်တုံမြို့နယ်က ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ၂၆၀ ဦး၊ လီဆူတိုင်းရင်း သား ၁၂၀ ဦးနဲ့ ကချင် တိုင်းရင်းသား ၁၄၀ ကျော်တို့ဟာလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။