ရသေ့တောင်မြို့နယ်က ကျေးရွာတချို့ WFP အထောက်အပံ့မရလို့ စားဝတ်နေရေးခက်ခဲနေ

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ရဲ့ ပုံမှန်ကူညီနေကြ အထောက်အပံ့တွေမရဘဲ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်နဲ့ညောင်ပင်ကြီး မွတ်စလင်ကျေးရွာမှာ နေထိုင်သူ သုံးထောင်ကျော် စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ရွာခံတွေက RFA ကိုပြောပါတယ်။
အကူအညီမရတာ နှစ်လခန့်ရှိပြီလို့ အနောက်ပြင်မွတ်စလင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာသားတွေအားလုံး စားဖို့သောက်ဖို့ ခက်ခဲနေပါတယ်။ အနောက်ပြင်မွတ်စလင်ရွာမှာတော့ အိမ်ခြေ ၅၀၀ ကျော်ရှိပြီးလူဦးရေနှစ်ထောင်ရှိတယ်။ ညောင်ပင်ကြီးမှာက အိမ်ခြေ သုံးရာလောက်ရှိတယ်။ အရင်က ဒီနှစ်ရွာလုံးကို WFP ကလစဉ်ထောက်ပံ့တယ်။ အခုတိုက်ပွဲတွေဖြစ်လို့ အထောက်အပံ့တွေမရဘူး။ အနီးနား ရခိုင်ရွာတွေမှာ အလုပ်သွားလုပ်ကြတာတွေရှိပေမယ့် စားဝတ်နေရေးက အဆင်မပြေဘူး။တစ်ရက်အဆင်ပြေ နောက်နေ့အဆင်မပြေအဲ့လိုအခြေအနေတွေဖြစ်နေတယ်။ အကူအညီပြန်ရဖို့တောင်းဆိုချင်ပါတယ်။”
အရင်က WFP က လစဉ် လူလေးဦးအတွက် ဆန်တစ်အိမ်နဲ့ လူတစ်ဦးကို ငွေရှစ်ထောင် ထောက်ပံ့ပေးတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီက ဒီနှစ်စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေထံ နိုင်ငံတကာအဖွဲ့စည်းအားလုံးကို သွားလာထောက်ပံ့ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီး အဲ့ဒီထဲက ၁၄ သန်းကျော်ဟာ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာကို တင်ပြထားပါတယ်။