မိုးကုတ်ဒေသ နိုင်ငံခြားသားခရီးသည် သွားလာခွင့် တိုင်းအစိုးရက စိစစ်မည်


2018.09.12
mogok-622 မိုးကုတ်မြို့ကို တွေ့ရစဉ်
Photo: Khaymani Win/ RFA

ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာဒေသဖြစ်တဲ့ မိုးကုတ်မြို့ကို နိုင်ငံခြားသားဧည့်သည်တွေ အလွယ်တကူသွား လာနိုင်ဖို့အတွက် ကန့်သတ်ချက်တွေကို အခု စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ဖယ်ရှားလိုက်တယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ညွန်ကြားမှုဦစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံခြားသားခရီးသည်တွေဟာ အရင်က ပြည်ထောင်စုအစိုးရကို တင်ပြပြီး ခွင့်ပြုချက်ယူပြီးမှ မိုးကုတ်ဒေသကို လည်ပတ်ခွင့်ရတာဖြစ်ပြီး အခုတော့ တိုင်းဒေသကြီးအစိုးရကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ညွန်ကြားမှုဦစီးဌာနက လက်ထောက် ညွန်ကြားရေးမှူး ဦးစန်းယုက RFA ကို ဒီနေ့ ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့အမည်နဲ့ အမှတ်တံဆိပ် ပေါ်လွင်ထင်ရှားအောင် လျော့ခြင်းဖြစ်တယ်။ မိုးကုတ်ဆိုတာ ကမ္ဘာမှာ ပတ္တမြားထွက်တာ မြန်မာတစ်နိုင်ငံပဲ ရှိတယ်။ ထွက်တဲ့ မိုးကုတ်ဆိုတာသိခြင်းအားဖြင့် မြန်မာရဲ့ အမှတ်တံဆိပ်ကို သိမယ်။ ခရီးသွားတွေ မိုးကုတ်ကို သွားခြင်းဖြင့် ကောင်းသတင်းပျံ့နှံ့မယ်။သူတို့ကတစ်ဆင့် များလာမယ်။ ခရီးသွားတွေ တစ်စုံတစ်ရာဖြစ်ရင် တာဝန်ရှိတယ်"

မိုးကုတ်ကို သွားတဲ့လမ်းကြောင်းကိုလည်း အစိုးရ သတ်မှတ်ပေးထားတဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ကားလမ်းတစ်ခုထဲကိုသာ အသုံးပြုရမှာဖြစ်ပြီး သွားလာလည်ပတ်ခွင့်ကိုလည်း မိုးကုတ်မြို့ပေါ်ကိုသာ ခွင့်ပြုတာဖြစ်ပါတယ်။

ကန့်သတ်ဧရိယာကို ကျော်လွန်သွားမယ်ဆိုရင်တော့ အရေးယူခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွား ဧည့်သည်တွေဟာ ဦးဆုံးအနေနဲ့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နဲ့ ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနရဲ့ စိစစ်ချက်ကို ရယူရမှာဖြစ်ပြီး သွားမယ့် ရက်၊ ကာလ၊ တည်းခိုမယ့် လိပ်စာတွေနဲ့အတူ လိုက်ပါမယ့် လိုင်စင်ရ ဧည့်လမ်းညွှန်ရဲ့ ကိုယ်ရေးအချက်လက်တွေကို ဖော်ပြပေးရမယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ညွန်ကြားမှုဦစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။