မဲရုံတာဝန်ကျ ဆရာမတစ်ဦး တရားစွဲခံရ


2016.02.05
election-day-620.jpg ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့က မဲရုံတစ်ရုံတွင် မဲပေးနေသည်ကိုတွေ့ရစဉ်
Photo: RFA

၂ဝ၁၅ ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ မဲရုံအမှတ် (၁) မှာ မဲရုံအဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူခဲ့ရတဲ့ မူလတန်းပြဆရာမ ဒေါ်ဝင်းဌေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်က ဥပဒေနဲ့မညီပဲ တရားစွဲထားတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်က မနေ့က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

မဲပေးတဲ့နေ့က အဲ့ဒီဆရာမဟာ NLD ပါတီကိုယ်စားလှယ်ဘေးကအကွက်မှာ တံဆိပ်နှိပ်ပြီးမဲပေးဖို့ ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ရဲ့ မဲရုံမှူး ဦးကောင်းမြတ်ကျော်က ထုံးဖိုမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး တရားစွဲထားတာလို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ အဲ့ဒီမဲရုံကိုကြီးကြပ်ရတဲ့ မဲရုံမှူးက ဆရာမ ဒေါ်ဝင်းဌေး အနေနဲ့ အဲ့ဒီလို လုပ်ရပ်ဆောင်ရွက်ခဲ့တာကို မတွေ့မမြင်ရသလို၊ သူဟာ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့တယ်လို့ ထောက်ခံစာပေးခဲ့ကြောင်း သိရပါတယ်။

ဒီကိစ္စကို မဲရုံမှူး၊ ဒု-မဲရုံမှူးတို့က ခုံရုံးဖွဲ့စစ်ဆေးတဲ့အခါမှာ စွပ်စွဲတိုင်တန်းသူက သူကိုယ်တိုင်တွေ့ မြင်သိရှိတာမဟုတ်ပဲ၊ တခြားတစ်ယောက်ရဲ့ ပြောဆိုချက်အရ တိုင်တန်းတာဖြစ်တဲ့အကြောင်း ထွက်ဆိုတယ်လို့ သိရပါတယ်။

ဒါကြောင့် နစ်နာရတဲ့ ဆရာမ ဒေါ်ဝင်းဌေး ဘက်ကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်က အပြည့်အဝ ရပ်တည်သွားမယ်လို့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။