မဲပေးခွင့်ရှိသူစာရင်း အပြီးသတ်ထုတ်ပြန်၊ အမှားအယွင်းတွေ များဆဲ
2015.09.14

လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရပ်ကွက် ၊ ကျေးရွာကော်မရှင်ရုံးခွဲတွေမှာ ဒီနေ့စတင်ကြေညာလိုက်ပြီး မဲစာရင်းမှားယွင်းမှုတွေရှိရင် နှစ်ပတ်အတွင်း ပြင်ဆင် ခွင့်ရှိမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကြိမ်ထုတ်ပြန်ခဲ့တဲ့မဲစာရင်းတွေထက် အခုတစ်ကြိမ်ဟာ အရေအတွက်ပိုများလာပြီး ရခိုင်ပြည်နယ် မှာဆိုရင် မဲပေးခွင့်ရှိသူ ၆သောင်းကျော်လောက် တိုးလာတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။
"ပထမဆုံးကပ်ထားကြေညာတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းမှာတော့ ၁၃ သိန်းကျော် အဲ့လိုကပ်ထားရင်း နဲ့ ကြေညာခဲ့ရင်းနဲ့ ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ ကန့်ကွက်တာတွေလုပ်တဲ့အခါ အခုနောက်ဆုံး ဒီနေ့ကပ်တဲ့ မဲဆန္ဒရှင်စာရင်းကတော့ ၁၄ သိန်း ၂ သောင်းကျော်တက်လာတာ တွေ့ရပါတယ်"
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ တစ် ဒဿမ လေးသန်း (၁၄သိန်း) ကျော်ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲက ဟင်္သာတခရိုင်မှာ ရေဘေးသင့်တဲ့မြို့နယ် ၆ မြို့နယ်ရှိတာကြောင့် မဲစာရင်းကို ရွှေ့ဆိုင်းထား လိုက်ပြီး ဘယ်တော့ကြေညာမလဲဆိုတာတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဒီနေ့ထုတ်ပြန်တဲ့ မဲစာရင်းတွေထဲမှာ နာမည်နဲ့ မှတ်ပုံတင်နံပါတ် မှားယွင်းနေတာတွေ ရှိနေဆဲဖြစ်ပြီး အရင်က စာရင်းမှာ ပါပေမယ့် အခုတကြိမ်မှာ မပါတာတွေရှိသလို ပြီးခဲ့တဲ့နှစ်ကြိမ် မဲစာရင်းမှာ မပါလို့ ပြန်လျှောက်ထားပေ မယ့် အခုချိန်ထိ မပါသေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီတစ်ကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းဟာ နောက်ဆုံးဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို သွားရောက်ကြည့်ရှု ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။
တစ်နိုင်ငံလုံးအနှံ့ မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၃ သန်းနီးပါးရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။