ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ တပ်မတော်က လုံခြုံရေးဆောင်ရွက်မည်
2018.11.02

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနက်ဖြန်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တပ်မတော်ကပါ လုံခြုံရေးဆောင်ရွက်မှာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဖြူထွန်းသာက ပြောပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး RFA က ဒီနေ့ မေးမြန်းခဲ့ရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် မဲရုံတွေ လုံခြုံရေး ကို အရင်ရွေးကောက်ပွဲတွေထက် တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့အချိန်အထိ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အချုပ်သားတွေနဲ့ ကျောင်းသားတွေ ပေးထားတဲ့ ကြိုတင်မဲပေါင်း ၃၁၉ မဲအထိရှိနေတယ်လို့လည်း သိရပါတယ်။
ရသေ့တောင်မြို့နယ်မှာ လစ်လပ်နေတဲ့အမှတ်(၂) ပြည်နယ်မဲဆန္ဒနယ်အတွက် ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးခင်သန်းမောင်နဲ့ တစ်သီးပုဂ္ဂအဖြစ် ဦးတင်မောင်ဝင်းတို့က ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အဲဒီအထဲက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းဟာ ဒေါက်တာ အေးမောင်ရဲ့သားဖြစ်ပါတယ်။
ကျေးလက်ဒေသတွေမှာ ဒေါက်တာ အေးမောင်အပေါ် ထောက်ခံမှုများတာကြောင့် သားဖြစ်သူ ဦးတင်မောင်ဝင်းနဲ့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်ဟာ အပြင်းအထန်ယှဉ်ပြိုင်ကြရဖို့ ရှိနေပါတယ်။