ဝန်ထမ်းတွေအတွက် ကြိုတင်မဲပေးရမယ့်နေ့ရက် ထုတ်ပြန်


2015.10.17
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

အိမ်ထောင်စုစာရင်းရှိတဲ့ မဲဆန္ဒနယ်မှာ မရှိဘဲ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေရတဲ့ ပြည်တွင်းက နိုင်ငံ့ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လာမယ့် အောက်တိုဘာ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားပါတယ်။

အဲဒီသတ်မှတ်ရက်အတွင်း ကြိုတင်မဲ ပေးနိုင်တာဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ပဲ အများဆုံးသက်ဆိုင်ပြီး နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ မဲဆန္ဒရှင်တွေကတော့ ရွေးကောက်ပွဲရက်မတိုင်မီ ၂ရက်အလိုမှသာ ကြိုတင်မဲပေးနိုင်မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

"နိုင်ငံတာဝန်နဲ့ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မယ့်ပုဂ္ဂိုလ်တွေ နောက်တခါ ကိုယ်စားလှယ်လောင်းတွေပေါ့၊ ကိုယ်စားလှယ်လောင်းတွေက သူနေတာက အင်းစိန်မှာနေတယ်၊ သူအရွေးခံမှာက စစ်ကိုင်းမှာဆိုရင် သူကကြို ပြီးတော့ လာဖို့ရှိတယ်လေ၊ အဲ့လိုပုဂ္ဂိုလ်မျိုးတွေပေါ့၊ လူတိုင်းတော့ မပေးပါဘူး၊ သာမန်လူက နှစ်ရက်ကြိုပဲ ၆ ရက်နေ့မှာပဲစပေးမှာ၊ ဒေသတွင်းမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူးဘာညာသွားမယ့်လူတွေ၊ အရေးပေါ်ကိစ္စနဲ့ သွားမယ့်ဟာပေါ့၊ သင်တန်းတက်ရမှာတို့ နာရေးကိစ္စတို့ အဲ့လိုသွားမယ့်လူက ၆ ရက်နေ့လောက်မှရမှာ"

ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်ကြသူတွေအနေနဲ့ ကြိုတင်မဲပေးမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော် မရှင်ရုံးခွဲတွေမှာ အထောက်အထားတင်ပြပြီး မဲလက်မှတ်ထုတ်ယူရမှာဖြစ်သလို ကြိုတင်မဲကို တံဆိပ်တုံးထုပြီးပေးရ မှာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၂၉ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့်ရှိသူတွေထဲမှာ ပြည်ထောင်စုအစိုးရ နဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်ပြည်ထောင်စု နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ဖို့အတွက် ကြိုတင်မဲပေးဖို့ အမှန်တကယ်လိုအပ်နေသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။