ခရစ်ယာန် ကျောင်းသား ၄၀ ကျော် စစ်မှုထမ်းခိုင်းခြင်း ရှိ မရှိ UWSA စုံစမ်းနေဆဲ


2018.09.28
uwsa-622.jpg UWSA "ဝ" တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

UWSA "ဝ" အထူးဒေသက ခရစ်ယာန် ဓမ္မဆရာ၊ ဆရာမ ၉၂ ဦးကို ဖမ်ဆီးထားပြီး ကျမ်းစာတက်နေတဲ့ ကျောင်းသား ၄၁ ဦးကို "ဝ" အာဏာပိုင်တွေက စစ်မှုထမ်းခိုင်းထားကြောင်း လားဟူနှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ ကြေညာချက်ပါ ဖော်ပြချက်နဲ့ ပတ်သက်လို့ UWSA က စုံစမ်းနေဆဲပဲလို့ RFA ကို ဒီနေ့ ပြောပါတယ်။

UWSA ရဲ့ လာရှိုးမြို့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အဲဒီကိစ္စကို စုံစမ်းနေဆဲဖြစ်တာကြောင့် အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

ဒါ့အပြင် UWSA "ဝ"  စစ်တပ်မှာ ကလေးစစ်သားတွေ ရှိပါသလားလို့  RFA က မေးမြန်းရာမှာ မိဘမဲ့နဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းနေဖို့ခက်ခဲတဲ့ ကလေးတွေကို နီးစပ်ရာ တပ်စခန်းနဲ့ ဌာနတချို့မှာ တရုတ်၊ ဝနဲ့ မြန်မာစာ၊ စစ်ပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို အခမဲ့သင်ကြားပေးနေတာတွေရှိပြီး သူ့တို့ဟာ စစ်သားတွေတော့ မဟုတ်ကြပါဘူးလို့ ဦးညီရမ်းက RFA ကို ပြောပါတယ်။

ဝ ဒေသမှာ အမြဲတန်း နေထိုင်သူတွကို တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့ စည်းကမ်းချက် ပြဌာန်းထားတယ်လို့ သိရပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီး “ဝ”  ဒေသရဲ့ ဥပဒေမှာလည်း စည်းစနစ်ရှိတဲ့ ဘယ်လိုကိုးကွယ်မှုမျိုး ကိုမဆို လွတ်လပ်ခွင့်ပြုကြောင်း ပြဌာန်းထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ ကြေညာချက်မှာ မိုင်းပေါက် သာသနာနယ်အတွင်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့တဲ့အပြင် ဘုရားကျောင်း ၃ ကျောင်းကိုလည်း ဖြိုချဖျက်ဆီးခဲ့ကြောင်းလည်း ပါဝင်ပါတယ်။ အဲဒီအချက်တွေဟာ ဝ ဒေသက ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အချက်တွေအရ ထုတ်ပြန်ထားတယ်လို့လည်း လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က RFA ကို မနေ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။