“ဝ” ဒေသက ခရစ်ယာန်ဘုရားကျောင်းတချို့ ပြန်ဖွင့်ခွင့်ရ


2018.12.20
uwsa-622 ဝ နယ် နမ့်တစ်မြို့အဝင်ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

“ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” ဒေသအတွင်းမှာ ၂ လကျော် ကြာပိတ်ထားခဲ့ရတဲ့ ကချင်နဲ့လားဟူ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို အခုလထဲ ပြန်ဖွင့်ခွင့်ပြုထားတယ်လို့ UWSA ရဲ့ လားရှိုးရုံး ဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ဌာနချုပ်က အဲဒီဘုရားရှိခိုးကျောင်းတွေကို ဘာကြောင့်ပြန်ဖွင့်ခွင့်ပေးတယ်ဆိုတာနဲ့ အရေအတွက် ဘယ်လောက်ပြန်ဖွင့်ခွင့်ရပြီဆိုတာကိုတော့  အတိအကျမသိဘူးလို့ ဦးညီရမ်းက RFA ကို ဒီနေ့ ပြောပါတယ်။

UWSA ဌာနချုပ်ရှိရာ “ဝ” ဒေသအတွင်းက ကချင်နဲ့ လားဟူ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေး မယ်ဆိုတဲ့ အသံတွေ ဒီရက်ပိုင်း ကြားနေရတာမှန်ပေမယ့် လက်ရှိအချိန်အထိ မြေပြင်မှာ ဘုရားရှိခိုးကျောင်းတိုင်း ပြန်ဖွင့်ခွင့်မရသေးဘူးလို့ လားဟူနိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့ အစည်းတွေက ပြောကြ ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး လားဟူဘုရားရှိခိုးကျောင်း ၅၀ ကျော်ကို UWSA က အကြောင်းပြချက်မရှိ ချိတ်ပိတ်ခဲ့တာဖြစ်ပြီး အခုလထဲ ပြန်ဖွင့်ခွင့်ပေးမယ်ဆိုတဲ့ သတင်းသာရှိပြီး လက်တွေ့မှာ သွားရောက်ဝတ်ပြုခွင့် မရသေးဘူးလို့ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက် တာလာဇရု ကပြောပါတယ်။

“အဲဒါတော့ မသိရသေးဘူး။ လားဟူထဲမှာမရှိဘူး၊ ဝ,ထဲမှာလည်း မရှိဘူး။ ဖွင့်ခိုင်းမယ်လို့တော့ ကြားတော့ ကြားထားတယ်။ ဒါပေမဲ့ ဟိုကလူကအတည်တော့ မပြုနိုင်သေးဘူး။ သူတို့စာရေးပြီး ချိတ်လာပိတ်ထားတယ်။ တံခါးသော့ပိတ်ထားတယ်။ ဘယ်သူမှမကိုင်ရဲဘူး။ ဘာကြောင့်လုပ်တယ်ဆိုတာ ခုထိမပြောသေးဘူး။ ခရစ်ယာန်အုပ်စုနဲ့ ခရစ်ယာန်မဟုတ်တဲ့ အုပ်စုခေါင်းဆောင်က အားပြိုင်တာနဲ့ တူပါတယ်။”

ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို ချိတ်ပိတ်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ “ ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဘက်ကို ဆက်သွယ်မေးရာမှာ လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြန်လည်စိစစ်ဖို့ ပိတ်ခဲ့ တာဖြစ်ပြီး ဘယ်နှစ်ကျောင်း ပိတ်ခဲ့တယ်ဆိုတာကို အတိအကျ မပြောနိုင်ကြောင်း ဖြေပါတယ်။ လက်ရှိမှာတော့ အဲဒီကျောင်းတွေကို ဌာနချုပ်က ပြန်ဖွင့်ခွင့်ပြုလိုက်ပြီလို့ သူက ဆက်ပြောပါတယ်။

“ဝ” ဒေသအတွင်းက ဘုရားကျောင်းနှစ်ကျောင်း ပြန်ဖွင့်ခွင့်ရပြီ ဖြစ်ပြီး ကျန်တဲ့ ကျောင်းတွေလည်း တဖြည်းဖြည်း ပြန်ဖွင့်ခွင့်ရလာဖို့ မျှော်လင့်တယ်လို့ လားဟူပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် ကပြောပါတယ်။

“ခုပြန်ပြီး ဝတ်ပြုနေရတာ ရှဲကျံရွာနဲ့ နာတူရွာ နှစ်ရွာတည်း ရှိတယ်လို့ပြောတယ်။ ကျမတို့ကတော့ ဒီလိုပဲ ယူဆတယ်။ တဖြည်းဖြည်းနဲ့ ပြန်ဖွင့်ခွင့်ပေးမလား။ အပြည့်အဝ ပြန်ဖွင့်ခွင့်မပေးမချင်း၊ လုံးဝမဖွင့်ဘူး ဆက်ပြီးတော့ ဒီလိုပဲ ဖြစ်နေမယ်ဆိုရင် အဲ့ဒီဒေသက ခရစ်ယာန်အားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့ ဆက်ပြီး လုပ်ဆောင်သွားမယ်။”

တဆက်တည်းမှာပဲ လားဟူကျမ်းစာသင်ကျောင်းသူ အယောက် ၂၀ ဖမ်းဆီးခံထားရတာ နှစ်လကျော်ကြာမြင့်နေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာကို UWSA ဘက်က တုံ့ပြန်မှုမရှိသေးဘူးလို့ ကျောင်းသူတွေ ပြန်လွတ်ရေးလုပ်ဆောင်နေသူတွေက ပြောကြပါတယ်။

ကျမ်းစာသင်ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်ထားတာဟာ လာမယ့် ဧပြီလအတွင်း “ ဝ” ဒေသမှာကျင်းပမယ့် ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနားအတွက် လုပ်အားပေးခေါ်ယူတာဖြစ်နိုင်ကြောင်း ခန့်မှန်းတွက်ဆ ချက်တွေတော့ရှိနေ ပါတယ်။ ဒီလိုဆောင်ရွက်မှုအပေါ် လားဟူပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က အခုလို မှတ်ချက်ပေးပါတယ်။

“ပွဲတော်အတွက်ပဲဖြစ်ဖြစ် ဘာအတွက်ပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားတာ လုံးဝ မဖြစ်သင့်ဘူး။ ပွဲတော်ရှိတယ်ဆိုရင် လုပ်အားပေးခေါ်ပါမယ်ဆိုပြီး အကြောင်းကြားရမယ်။ သူတို့ နဲ့ သက်ဆိုင်တဲ့လူကြီးတွေကို ညှိနှိုင်းရမယ်။ အခုဟာက အတင်းအဓမ္မဖမ်းဆီးခေါ်သွားတာ လုပ်အားပေးခေါ် သွားတယ်ဆိုတာ ကျမအထင်တော့ အကြောင်းပြချက်သက်သက်ပဲဖြစ်တယ်။”

၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းလောက်က ၀ ဒေသမှာရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့ပြီး ဘုရားရှိခိုးကျောင်း ၅ကျောင်းနဲ့ ကျမ်းစာကျောင်း ၁ ကျောင်းကို ဖျက်ပစ်ခဲ့တယ်လို့ လားဟူတိုင်းရင်းသားတွေက ပြောကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။