ပါတီမူဝါဒကိုကြည့်ပြီး မဲပေးဖို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဦးဝေလွင် ပြောကြား


2015.09.13
wailwin-620 ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ပါတီအောင်နိုင်ရေးရုံးခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Win Ko Ko Latt/RFA

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါတီရဲ့မူဝါဒနဲ့ သမိုင်းကြောင်းကို လေ့လာပြီး မဲပေးကြဖို့ ပုဗ္ဗသီရိမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ဒီကနေ့ မနက်ပိုင်းကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဝေလွင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

"အဲ့ဒီတော့ လွယ်လွယ်ပြောကြရင် ပါတီရယ်၊ မူရယ်၊ လူရယ်ကိုပေါ့၊ လူရယ်ဆိုရင် လူလည်းကောင်း မူလည်းကောင်း တကယ်လို့ လူရော မူရောက နှစ်ယောက်က ဒီဟာနှစ်ခုက တစ်ခြမ်းပဲ့နေပြီဆိုရင် ဘယ်ဟာ ဦးစားပေးသင့်လဲ၊ အဲ့ဒါဆိုလို့ရှိရင် ကျနော့်အနေနဲ့ ဦးစားပေးသင့်တာတော့ မူကို ဦးစားပေးသင့်တယ်၊ ပါတီ ရဲ့မူဝါဒ လူဆိုတာအမြဲတမ်းပြောင်းလဲသွားမယ်၊ မူဝါဒက တစ်သတ်မှတ်တည်းချပေမဲ့ ပိုပြီးတော့ ခိုင်မာတာဖြစ် တဲ့အတွက် အဲ့ဒီမူဝါဒကောင်းတဲ့ပါတီကို ခင်ဗျားတို့ရွေးပါ"

ဒါ့အပြင် ဦးဝေလွင်က သူအနေနဲ့ အခုလာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို အဓိကထားပြီး ယှဉ်ပြိုင်သွားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် နေရာအတွက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်အပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း အပါအဝင် စုစုပေါင်း သုံးယောက် ဝင်ရောက်အရွေးခံ မှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုထက်အာကာ သတင်းပေးပို့ထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။