ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ PEN အဖွဲ့တောင်းဆို

RFA Burmese
2023.05.24
ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ PEN အဖွဲ့တောင်းဆို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ကိုဝေမိုးနိုင်အား တွေ့ရစဉ်။
AFP

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ PEN International အဖွဲ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာတွေ၊ ထုတ်ဝေသူတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN International အဖွဲ့ဝင် ကိုဝေမိုးနိုင်ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ထောင်ဒဏ်အနှစ် ၂ဝ ထပ်ချခံရတာကြောင့် ထောင်ဒဏ် ၅၄ နှစ်အထိ ကျခံရဖို့ရှိပါတယ်။

၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက အညိုးအတေးထားပြီး လက်တုံ့ပြန်တဲ့အနေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာလို့ PEN International အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီက စွပ်စွဲထားတဲ့ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပြစ်မှုတွေဟာ တရားမျှတမှု မရှိတဲ့စွပ်စွဲချက်တွေဖြစ်ပြီး စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်အမိန့်တွေဟာလည်း နိုင်ငံတကာတရားစီရင်ရေး စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ ထောက်ပြထားပါတယ်။

ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းပြီးနောက် နှစ်လကျော်အကြာ ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က မုံရွာမြို့ မှာ စီတန်းလှည့်လည်ဆန္ဒပြနေတုန်း စစ်ကောင်စီရဲ့ ကားနဲ့တိုက် ရိုက်နှက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူ့ကို လူသတ်မှု၊ ဓားပြမှု နိုင်ငံတော်ပုန်ကန်မှုတွေအပါအဝင် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲထားတာပါ။ လက်ရှိထောင်ဒဏ် ၅၄ နှစ်ချခံထားရတဲ့အပြင် လူသတ်မှုစွပ်စွဲချက်နဲ့လည်း အမှုထပ်ရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။