ဥယျာဉ်ခြံမြေတွေမှာ စက်မှုဇုန် အကောင်ထည်မဖော်ဖို့ နိုင်ငံတော် အတိုင်ပင်ခံထံ စာပို့တောင်းဆို
2016.12.05

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က တောင်သူတွေလုပ်ကိုင်နေကြတဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ငါးထောင်လောက်မှာ အစိုးရရဲ့ စက်မှုဇုန် စီမံကိန်းကို အကောင်အထည် မဖော်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒေသခံတောင်သူ တစ်ထောင်ကျော်စုပေါင်းပြီး ဒီကနေ့ စာရေးသားပေး ဖို့ တောင်းဆိုလိုက်ပါတယ်။
တောင်သူတွေလုပ်ကိုင်နေတဲ့မြေတွေ နဲ့ လူနေအိမ်ခြေတွေအနီးမှာ အကောင်အထည်မဖော်ဖို့ တောင်းဆိုတာဖြစ် တယ်လို့ မိုင်းနားကျေးရွာက တောင်သူ ဦးအောင်ချစ် က ပြောပါတယ်။
"ကျနော်တို့ လယ်ယာတွေအပေါ်မှာ လာလုပ်မယ်ဆိုရင် ကျနော်တို့ အလုပ်လက်မဲ့ဖြစ်ရတော့မယ်၊ လူနေအိမ်ခြေတွေနဲ့လည်းနီးတယ် ဧရာဝတီမြစ်နဲ့လည်းနီးတဲ့နေရာမှာ စက်မှုဇုန်တို့ ကုန်သွယ်မှုဇုန်တို့ လာလုပ်မယ်ဆိုတော့ ကျနော်တို့ ကန့်ကွက်ကြပါတယ်၊ ကျနော်တို့ မျှော်လင့်ချက်ကြီးစွာနဲ့ တခြားနေရာ ကို ပြောင်းရွှေ့ပေးပါလို့ တောင်းဆိုရင်း နိဂုံးချုပ်ပါတယ်"
ဒေသခံတောင်သူတွေဟာ အစိုးရ စီမံကိန်းကို ကန့်ကွက်တာမဟုတ်ကြောင်းနဲ့ မိမိတို့ စိုက်ပျိုးမြေတွေ နဲ့ ကင်းလွတ်ပြီး လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့နေရာ ကို ရွှေ့ပြောင်းဖို့တောင်းဆိုတာဖြစ်တယ် လို့ပြောပါတယ်။
စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုပြီး သတင်းထွက်နေတဲ့ နေရာဟာ အရင်အစိုးရ လက်ထက်ကလည်း အလားတူစီမံကိန်းဆောင်ရွက်ဖို့ ကြိုးစားခဲ့ ရာမှာ တောင်သူတွေကန့်ကွက်လို့ ရပ်ဆိုင်းခဲ့တဲ့နေရာလို့ ယူဆနေကြတာဖြစ်ပါတယ်။
အဲ့ဒီနေရာဟာ မိုင်းနား၊ နောင်တာလော၊ ဟိုးလော်၊ လဝမ်ကထောင်၊ မဒိန် စတဲ့ ဝိုင်းမော်မြို့နယ် အတွင်း ရွာပေါင်း နှစ်ဆယ်နီးပါးက ရှမ်း၊ ကချင် ၊ ဗမာ စတဲ့ ဒေသခံတောင်တောင်သူတွေရဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံမြေ ဧကငါးထောင်လောက်ပါဝင်နေတယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် ကတော့ လောလောဆယ် မှာ မြေနေရာရွေးချယ်နေတုန်းဖြစ်ကြောင်းနဲ့ အရင်အစိုးရက အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့တဲ့ နေရာ မဟုတ်ကြောင်း RFA ကို ပြောထားပါတယ်။
တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေအပေါ်မှာ စီမံကိန်းအကောင်အထည်မဖော်ဖို့ တောင်းဆိုထားတဲ့ စာကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဝိုင်းမော်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တို့ကို ဒီကနေ့ပေးပို့ လိုက်တာဖြစ်ပါတယ်။