လက်နက်ကြီးကြောင့် ဝိုင်းမော်မြို့နယ် ဝူယန်ရွာက ကလေးတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
2023.01.11
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ရွာမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က မပေါက်ကွဲသေး တဲ့ လက်နက်ကြီးကျည် ကိုင်ပြီး ကစားတာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက်ကိုးနှစ်အရွယ် မောင်ခေါဆီ သေဆုံးခဲ့ပြီး အသက်ရှစ်နှစ်အရွယ် မောင်အာလူးဒီနဲ့ မောင်ဗျာဆာတို့ ဒဏ်ရာရရှိခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ၂၀၂၂ ခုနှစ်က ဝူယန်ရွာအနီး တိုက်ပွဲဖြစ်ပွားချိန်မှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ကို ကလေးတွေက တွေ့ပြီး ကစားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ညနေ ၄ နာရီလောက်မှာပေါ့။ အရင်က တိုက်ပွဲဖြစ်တဲ့အချိန် ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်ခု မပေါက်ကွဲဘဲ ကျန်နေ တာကို ကလေးတွေတွေ့ပြီး ခေါက်ပြီး ဆော့တာကနေ ပေါက်ကွဲပြီး ကလေးသုံးယောက် ဒဏ်ရာရတယ်။ လက်ပြတ်သွားတဲ့တစ်ယောက်က ဆေးရုံရောက်တဲ့အချိန် ဆုံးသွား တယ်”
မောင်အာလူးဒီ နဲ့ မောင်ဗျာဆာတို့ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
UNICEF ရဲ့ စာရင်းတွေက စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန် အထိ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၇၂ ဦး သေဆုံးခဲ့ပြီး ၄၂၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။