အဖက်ဖက်က တိုးတက်နေကြောင်း ကုလသမဂ္ဂမှာ ဝန်ကြီး ပြောကြား
2015.10.02

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တဖြေးဖြေး ပိုမို ကျယ်ပြန့်လာနေပြီး အဖက်ဖက်က တိုးတက်မှုတွေ ရရှိနေပါတယ် လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြား လိုက်ပါတယ်။
နယူးရောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံအလိုက် တက်ရောက် မိန့်ခွန်းပြောရာမှာ မြန်မာအစိုးရ ဟာ ဒီမိုကရေစီ အုတ်မြစ်တွေကို ပိုမို ခိုင်မာအောင် အခုအခါ လုပ်နေပါတယ်။ အခုလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်း လဲမှုတွေဟာ ဒီမိုကရေစီကျတဲ့ လှုပ်ရှားမှု တွေကို အရှိန်အဟုန် ပိုပြီး ကျယ်ပြန့်ကောင်းမွန်လာစေပြီးတော့ တချိန် ထဲမှာပဲ စီးပွားရေး တိုးတက်မှုတွေကိုလဲ ပေါ်ထွက်စေခဲ့တယ် လို့ပြောသွားပါတယ်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လဲ သဘောထား ကွဲလွဲမှုတွေကို ကျဉ်းမြောင်း လျော့ပါးသွားစေနိုင် ခဲ့တယ်လို့ ဆိုပါတယ်။ သူက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ရရှိနိုင်အောင် အမြင် သဘောထားတွေ ပြောင်းလဲပြီး အချိန်သတ်မှတ်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရ အနေနဲ့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်ဆိုင်းနေပါတယ်။ မကြာခင်မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မံ မဖြစ်ပွားရအောင် ၊ ဒေသခံတွေအားလုံး ယုံကြည်မှု ရှိရှိ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်သွားနိုင်အောင် အစိုးရအနေ နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အထွေထွေညီလာခံမှာ ပြောသွားပါတယ်။