စစ်ရာဇဝတ်မှုကျူးလွန်တာတွေ မြင့်တက်လာတယ်လို့ IIMM ပြော

RFA Burmese
2023.09.12
စစ်ရာဇဝတ်မှုကျူးလွန်တာတွေ မြင့်တက်လာတယ်လို့ IIMM ပြော ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းကို တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က လူ့အခွင့်အရေးကောင်စီကို စက်တင်ဘာ ၁၁ ရက်မှာ တင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကလည်း IIMM ရဲ့ အစီရင်ခံစာကို ကုလလူ့အခွင့်အရေးကောင်စီမှာ မနေ့က အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှု လတ်တလောလတွေမှာ ပိုမြင့်တက်လာကြောင်း IIMM ရဲ့ အကြီးအကဲ နီကိုလပ်စ်ကုမ်ဂျန်က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုကျူးလွန်မှုတွေထဲမှာ ပိုပြင်းထန်တဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ အရပ်သားတွေကိုမရှောင်ဘဲ လက်နက်ကြီး ပစ်ခတ်တာတွေလည်းပါဝင်ပြီး ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်ဆီးမိတဲ့အရပ်သားပြည်သူတွေနဲ့ ခုခံတိုက်ခိုက်သူတွေကို သတ်ဖြတ် ကွပ်မျက်တာ၊ ရွာနဲ့နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေလည်း မြင့်တက်လာတယ်လို့ ပါရှိပါတယ်။

IIMM ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နှစ်ချုပ်အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့အဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာတဲ့ အထောက်အထားတွေတွေ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို အောင်အောင်မြင်မြင် စုဆောင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက IIMM နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ရီတာဖရန့်ချ် (Rita French) က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကို မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။