ပလက်ဝမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၆၀၀ကျော် ထွက်ပြေးတိမ်းရှောင်
2019.06.09
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းဘေးတစ်လျှောက်က ကျေးရွာတွေအနီးမှာ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၆၀၀ကျော်ဟာ ပလက်ဝမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
ပလက်ဝမြို့နယ်နဲ့ ၃ မိုင်ကျော်လောက်အကွာမှာရှိတဲ့ ပိန္နဲတပင်ရွာ၊ ကျောက်ပြင်ချောင်းရွာနဲ့ သဲမချောင်းထဲရွာ စတဲ့ ကျေးရွာ ၄ ခုက အိမ်ထောင်စု ၁၂၄ စုက မိသားဝင် ၆၃၅ ဦး ဟာ တိုက်ပွဲကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာတာဖြစ်ကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့က ကိုကျော်အောင်က RFA ကို ပြောပါတယ်။
အဲဒီကျေးရွာ ၄ ခုအပြင် တခြားကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးလာနိုင်ခြေရှိနေတာကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ထပ်တိုးလာနိုင်ခြေရှိကြောင်းလည်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။
စစ်ဘေးဒုက္ခသည်အများစုဟာ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ခိုလှုံနေပြီး နေထိုင်ရေးအခက်အခဲဖြစ်နေသူတွေကို ကြံ့ခိုင်ရေးရုံးနဲ့ ရိက္ခာရပ်ကွက်က မူကြိုကျောင်းတွေမှာ ယာယီနေရာချပေးထားတယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေအတွက် ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ဟာ ကုလားတန်မြစ်ကြောင်း ဘေးကကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် ဘက်ကထိခိုက်ကျဆုံးမှုတွေရှိကြောင်း ရခိုင်တပ်တော် AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပလက်ဝမြို့နယ်အတွင်းမှာ ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း RFA ကိုပြောပါတယ်။