ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အိတ်သုံးထောင်ကျော် ရောက်ရှိ
2020.06.22
ချင်းပြည်နယ် ပလက်ဝဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၃၅၂၈ အိတ် အပြင် ပဲ၊ ကြက်သွန်နီ၊ ဆီ၊ ဆားနဲ့ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးတွေ တနင်္ဂနွေနေ့က ရောက်ရှိသွားပါတယ်။ ဒီရိက္ခာတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ပို့နိုင်အောင် ကြိုးပမ်းသွားမယ်လို့ - ချင်းတိုက်ပွဲရှောင် ပြည်သူများ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ပြောပါတယ်။
“ပလက်ဝဘက်မှာရောက်နေတဲ့ IDP ဒုက္ခသည်တွေကို ကျမတို့ အရင်ဝေမယ်။ ပြီးရင် စစ်ဘေးရှောင်မဟုတ်ဘဲ ရွာထဲမှာတင် ပိတ်မိနေတဲ့ ဆန်ပြတ်လပ်သွားတဲ့ ကျေးရွာတွေစာရင်း ကျမတို့မှာရှိတယ်။ ဦးစားပေးပြီး ဆန်ဝေပေးသွားမယ့် ကျေးရွာစာရင်းတွေကို စုထားပြီးတော့ အဲ့ဒီရွာတွေကို အရင်းအတိုင်း ၃ သောင်းခွဲလောက်နဲ့ ရောင်းပေးနိုင်ဖို့အတွက် ဒီဆန်အိတ်တွေကို အဲ့လို စီမံခန့်ခွဲဖို့ ပြည်နယ် အစိုးရနဲ့ ကျမတို့ တိုင်ပင်ထားပါတယ်။”
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဝန်ကြီး ဦးစိုးထက်ကို ရိက္ခာဝေမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့စနေနေ့ကတော့ စိမ်းစင်းရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တချို့ဟာ ရိက္ခာပြတ်လပ်မှုကြောင့် ဆမီးမြို့ပေါ်ကို ပြောင်းရွှေ့ခဲ့ကြပေမဲ့ လမ်းခုလတ်မှာ တားမြစ်ခံခဲ့ရတယ်လို့ ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက RFA ကို ပြောပါတယ်။
“စိမ်းစင်းကျေးရွာမှာ ခိုလှုံနေတဲ့ မေလှကျေးရွာက အိမ်ခြေ ၁၆ အိမ်က လူဦးရေ ၄၉ ခန့်ဟာ ဆမီးကို ပြောင်းရွှေ့မယ်ဆိုပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကားကြုံလိုက်လာတာ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာ မှာပဲ တပ်မတော်က စစ်ဆေးမေးမြန်တာကိုခံရပြီး စိမ်းစင်းရွာမှာ စားဝတ်နေရေးခက်ခဲတာကြောင့် ဆမီးကို သွားမှာဖြစ်ကြောင်းပြောတော့ တပ်မတော်က သွားခွင့်မပေးတာကြောင့် ပြန်လှည့်လာရတယ်။ ဘာကြောင့် သွားခွင့်မပေးတာလဲဆိုတာတော့ မသိဘူးပေါ့။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ Facebook မှာတော့ - ဒီစစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေကို ပလက်ဝဒေသအထိ တပ်မတော်က လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဆမီးမြို့ပေါ်ကို တက်မယ့် စိမ်းစင်းရွာက ဒုက္ခသည်တွေကို တပ်မတော်က တားဆီးခဲ့တဲ့ကိစ္စကိုတော့ RFA က မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အိမ်ခြေ ၇ဝ လောက်ရှိတဲ့ မေလှရွာက ဒေသခံ ၆ဝဝ ကျော်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေကြောင့် ဧပြီလထဲက စိမ်းစင်းရွာမှာ ခိုလှုံနေတာ အခုဆိုရင် ၂ လနီးပါး ရှိပါပြီ။ ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲတဲ့အတွက် ကားခ တယောက်ကို ၁ သောင်းစီပေးပြီး ဆမီးမြို့ကို အသွား လာမွေတောင် အရောက်မှာ တားဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဆမီးမြို့မှာ နေထိုင်သူ လူဦးရေ သုံးထောင်ကျော်ရှိပြီး၊ တိုက်ပွဲကြောင့် လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေဟာလည်း သုံးထောင်ကျော် ရှိနေတယ်လို့ RRCCI ပြောခွင့်ရသူ မိုင်နန်းဝေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလို ကမ္ဘာတဝှမ်းရင်ဆိုင်နေတဲ့ ကပ်ရောဂါကာလမှာ လူဦးရေ မထူထပ်အောင် ဒီဒုက္ခသည်တွေ နေရာချထားရေးဟာလည်း ပြည်နယ်အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေတာပါ။
၂ဝ၁၅ ခုနှစ် မတ်ကစလို့ တပ်မတော်နဲ့ AA အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းစစ်ဘေးဒုက္ခသည်ဦးရေ ၁ သောင်း ၈ ထောင်ကျော်ရှိတယ်လို့ RRCCI က စာရင်းထုတ်ပြန်ထားပါတယ်။