ဧရာဝတီမြစ်ကြောင်း တလျှောက် ရေကြီးနိုင်ကြောင်း သတိပေးချက်ထုတ်


2015.09.08
flooding-620.jpg မြစ်ရေတက်နေတဲ့အတွက် ရေနစ်မြုပ်နေတဲ့ အိမ်တချို့ကိုတွေ့ရစဉ်
Photo: RFA

ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ညောင်ဦး၊ ပခုက္ကူ၊ ဟင်္သာတမြို့နယ်တွေမှာ ဒီတစ်ပတ်အတွင်း ရေလွှမ်းမှု ဒဏ်ခံရနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေက မြင့်တက်နေဆဲဖြစ်တဲ့အတွက် ဧရာဝတီမြစ်ရေက တိုးလာနိုင်တာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။

"ဧရာဝတီမြစ်ဘက်ကို ပြန်ကြည့်ရင် ညောင်ဦးက တိုင်းတာချက်အရ စိုးရိမ်ချိန်အမှတ်ကို ကျော်လွန်ရောက်ရှိ သွားပါပြီ၊ ပခုက္ကူကတော့ စိုးရိမ်ချိန်အမှတ်တော့ မရောက်သေးဘူး၊ မနက်ဖြန် ရောက်သွားမယ့် အနေအထားရှိ ပါတယ်"

ဧရာဝတီမြစ်ရေဟာ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ အထူးသတိထားနေထိုင်ကြဖို့လည်း ဦးကျော်မိုးဦးက ပြောပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေ မြင့်တက်နေတဲ့အတွက် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေ မှာ ရေကြီးနေပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးကြီး ပြီး ရေလျှံခဲ့တာကြောင့် မနေ့ကအထိ သေဆုံးသူ ၁၂၉ ဦးအထိ ရှိလာပြီး ရေဘေးဒဏ်ခံရသူ ၁ သန်းခွဲကျော် ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။