ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး လွိုင်ကော်မြို့ တည်းခိုခန်းပိုင်ရှင် သတိပေးခံရ


2015.09.14
dassk-loikaw-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မ အားကစားကွင်းမှာ လူထုနဲ့ တွေ့ဆုံဟောပြောစဉ်
Photo: Nay Thwae/RFA

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ နန်းထိုက်စံ တည်းခိုခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့တာကို ဧည့်စာရင်းမတိုင်ခဲ့တာကြောင့် တည်းခိုခန်းပိုင်ရှင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတိပေးပြီး ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း သိရပါတယ်။

နန်းထိုက်စံ တည်းခိုခန်းမှာ ဒေါ်အောင်ဆန်းစုကြည် တည်းခိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မသိရဘဲ အထက်ကအကြောင်းကြားလာမှသိရတာဖြစ်တာကြောင့် နောက်နောင် ဒါမျိုးမဖြစ်စေရဘူးဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း နန်းထိုက်စံတည်းခိုခန်း ပိုင်ရှင် ဒေါ်မင်အင်းက RFA ကို ပြောပါတယ်။

"သူတို့မသိရဘူးတဲ့၊ ဖုန်းဆက်လာလို့သာ သူတို့သိတာ သူတို့လာကြည့်တယ်တဲ့၊ သူတို့နှစ်ယောက် လာကြည့်တဲ့ အခါ တံခါးပိတ်ထားတယ်တဲ့၊ အေးဟုတ်တယ်လို့ သူတို့ရောက်လို့ရှိရင် တံခါးပိတ်ထားတယ်လို့ ကျမပြောပြတယ်၊ ကျမတို့တောင် အထဲထိကိုဝင်လို့မရဘူး၊ ဧည့်စာရင်းတိုင်ဖို့ ကျမလည်း ရဝတရုံးဖုန်းနံပါတ်လည်း အလွတ်မရဘူး၊ ဖုန်းကလည်းအထဲမှာ ကျမအဲ့ကောင်တာမှာနေတယ်လို့ ပြောပြလိုက်တယ်၊ နောက်တစ်ခါအဲ့လိုမျိုးမဖြစ်အောင် ခံဝန်ချုပ်အနေနဲ့ လက်မှတ်တော့ထိုးပေးရမယ်တဲ့၊ ဟုတ်ကဲ့ ထိုးပေးပါမယ် နောက်တစ်ခါ မဖြစ်စေရပါဘူးလို့"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်အဖြစ် ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှားတောစတဲ့မြို့နယ် ခြောက်ခုကို ဒီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ခရီးစဉ်အတွင်း ဘောလခဲမြို့မှာ တစ်ညတည်းခိုခဲ့ပြီး လွိုင်ကော်မြို့ နန်းထိုက်စံဟော်တယ်မှာ ၁၁ ရက်နေ့ညမှာ တည်းခိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။