ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂဝင် ၉ ဦး သတိပေးခံရ
2015.09.03

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ရွေးကောက်ပွဲကျင်းပခဲ့တဲ့ သမဂ္ဂအဖွဲ့ဝင် ၉ဦး ကို ကျောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ တက္ကသိုလ် ပါမောက္ခချုပ်က ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ ခံဝန်လက်မှတ်ကို ရေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက ကျောင်းထုတ်ရမယ့် အခြေအနေတွေ ဖြစ်လာလိမ့်မယ် လို့ သတိပေးခဲ့ကြောင်း တကသရွေးချယ်တင်မြှောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဌ ကိုစည်သူမောင်က ပြောပါတယ်။
"ကျောင်းထဲမှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးပေါ့နော် အဲဒါဟာ ကျောင်းစည်းကမ်းဖောက်ဖျက်တာလို့ပြောတယ်၊ နောက်တစ်ချက်က ကျောင်းဂုဏ်သိက္ခာကို ညှိးနွမ်းစေတယ်ပေါ့နော်၊ ဒီဟာ ပညာရေးနဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ မသက်ဆိုင်ဘူးဆိုတာကိုပြောတယ်၊ ဒုတိယတစ်ချက်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျောင်းစည်းကမ်းဖောက်ဖျက်တာလို့ပြောပါတယ်၊ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသမဂ္ဂကို တရားမဝင်ဘူးပေါ့ဗျာ၊ နောက်တစ်ခုက လက်မှတ်တွေထိုးခိုင်းတယ်၊ ကျနော်တို့လက်မှတ်ကို မထိုးနိုင်ဘူးပြောတဲ့အခါမှာ ပါမောက္ခချုပ်ကိုယ်တိုင်က ဒါဆိုကျောင်းထုတ်ရမယ့် အခြေအနေဖြစ်သွားလိမ့်မယ် ပုံစံမျိုးတော့ပြောတာရှိတယ်"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က တက္ကသိုလ်ကျောင်းဝင်းထဲမှာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ပြသခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့အတွက် အသုံးပြုခွင့်ပေးထားတဲ့ ရုံးခန်းကို မနေ့က ပိတ်သိမ်းလိုက်ပြီး သမဂ္ဂအဖွဲ့က အသုံးပြုတဲ့ အလံတွေ၊ ပစ္စည်းတွေ ကို ကျောင်းအပြင်ကို ထုတ်ထားတယ်လို့ သိရပါတယ်။
ကိုစည်သူမောင်ကို RFA သတင်းထောက် မခင်ပြည့်စုံ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။