သံယလူနာ တစ်သောင်းခွဲအထိ စောင့်ကြည်ဖို့ နေပြည်တော်မှာ ပြင်ဆင်ထား
2020.04.02

ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူတွေကို သီးသန့် စောင့်ကြည့်ထားရှိနိုင်ဖို့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ စောင့်ကြည့်လူနာ တစ်သောင်းခွဲ နေထိုင်နိုင်အောင် အသင့်ပြင်ဆင်ထားကြောင်း စခန်းရဲ့တာဝန်ခံလည်းဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးအောင်မြတ်စိုး က ပြောပါတယ်။
နေရာဒေသ ကန့်သတ်ထားတာမျိုးမရှိဘဲ အကူအညီတောင်းလာရင် နေရာဒေသမရွေးက စောင့်ကြည့်ဖို့ လိုအပ်တဲ့သူတွေအားလုံးကို လက်ခံပေးသွားမှာဖြစ်ပြီး ကျန်းမာရေး စားသောက်ရေးကအစ တာဝန်ယူဆောင်ရွက် ပေးမယ်လို့ ဗိုလ်မှူးကြီးအောင်မြတ်စိုးက ပြောပါတယ်။
ဒီကုန်ကျစရိတ်ကို တပ်မတော်ဘတ်ဂျက်နဲ့ ဆောင်ရွက်တာဖြစ်ပြီး ဘယ်အချိန်ထိပဲ စောင့်ကြည့်လူနာတွေကို လက်ခံသွားမယ်ဆိုတာမျိုး အချိန်ကာလ သတ်မှတ်ထားတာမျိုးမရှိကြောင်း ဆိုပါတယ်။
နေပြည်တော်ကောင်စီကနေ ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်သလို တပ်မတော်ကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းလို့ရပြီး စောင့်ကြည့်လူနာတွေကို လက်ခံပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး အောင်မြတ်စိုး ကပြောပါတယ်။
မတ်လ ၃၀ ရက်နေ့က ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်တဲ့ COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီး အဲဒီကော်မတီမှာ ကာကွယ်ရေး ပြည်ထဲရေး နယ်စပ်ရေးနဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးတွေပါ အဖွဲ့ဝင်တွေအဖြစ် ပါဝင်လာတာဖြစ်ပါတယ်။
အဲဒီနောက် မတ်လ ၃၁ ရက်နေ့မှာတော့ တပ်မတော်က ရန်ကုန် လှိုင်မြို့နယ်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေး စခန်းနဲ့ နေပြည်တော် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေ ပြင်ဆင်ထားပြီး ပြည်ပနိုင်ငံက ပြန်လာသူ ဖြစ်စေ ကိုရိုနာဗိုင်းရပ်စ် သံသယ စောင့်ကြည့်ဖို့ လိုအပ်သူတွေဖြစ်စေ စောင့်ကြည့်နေနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေး လာတာကို တွေ့ရပါတယ်။
ရန်ကုန်လှိုင်မြို့နယ်မှာရှိတဲ့ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးမှာ ထိုင်းက ပြန်လာသူ တရုတ်က ပြန်လာ သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အတည်ပြုလူနာနံပါတ် ၁၆ နဲ့ ဆပ်စက်မှုရှိတဲ့ သူ ၂၇ ဦး စုစုပေါင်း ၁၂၃ ဦးကို လက်ခံထားပြီး သူတို့တွေရဲ့ ကျန်းမာရေး စားသောက်ရေးကိုလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နယ်မြေခံ ဆေးကုသရေးအဖွဲ့တွေက ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ အဲဒီတည်းခိုရေးစခန်းမှာတော့ လူ ၂၀၀၀ လောက်ကို လက်ခံပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၆ ဦး ရှိပြီး တစ်ဦး သေဆုံးကာ စောင့်ကြည့်လူနာ ၅၉၅ ဦးရှိနေပါတယ်။