မဲရုံတွေကို စောင့်ကြည့်လေ့လာ ဖို့ တောင်ကြီးမှာ ဆွေးနွေးပွဲ ကျင်းပ


2015.10.24
watch-polling-stations-620.jpg မဲရုံတွေ စောင့်ကြည့်လေ့လာရေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့က တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမ မှာ ပြုလုပ်စဉ်
Photo: Khun Yarzar/RFA

ရှမ်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲရုံတွေ စောင့်ကြည့်လေ့လာရေးနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီနေ့ စတင်ဆွေးနွေးကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ဒိန်းမတ်နိုင်ငံအခြေစိုက် မြန်မာပါတီဒီမိုကရေစီ အစီအစဉ် DIPD အဖွဲ့က ဦးဆောင်ကျင်းပ တာဖြစ်ပြီး အများယုံကြည်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲနေ့မှာ နိုင်ငံရေးပါတီအသီးသီးက မဲရုံကိုယ်စားလှယ်တွေ စောင့်ကြည့်လေ့လာဖို့ လိုအပ်တာကြောင့် အခုလို ဆွေးနွေးပွဲကျင်းပတာဖြစ်တယ်လို့ DIPD မြန်မာကိုယ်စားလှယ် မခင်သဇင်မြင့်က ပြောပါတယ်။

"ရှမ်းပြည်နယ်က နေရာအကျယ်အဝန်းအားဖြင့်လည်း မြန်မာနိုင်ငံမှာ အကြီးဆုံးပြည်နယ်ကြီးတစ်ခုပေါ့နော်၊ တချို့နေရာတွေမှာဆိုရင် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေရှိတယ်၊ ရွေးကောက်ပွဲမကျင်းပဘူးဆိုတဲ့ နေရာတွေ ကလွဲရင် ကျန်နေရာတွေအားလုံးမှာ အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ဖို့အတွက် အဖွဲ့ အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်၊ အထူးသဖြင့် နိုင်ငံရေးပါတီတွေရဲ့ ပူပေါင်းဆောင်ရွက်မှုကို ကျမတို့အထူးလိုအပ်ပါတယ်၊ သူတို့အနေနဲ့ အတိုင်းအတာတစ်ခုအထိ ဒါကိုတရားမျှတတယ်၊ ဒါကပွင့်လင်းမြင် သာမှုရှိတယ်၊ အားလုံးပါဝင်နိုင်တယ်လို့ ယူဆမှသာလျှင် ကျေနပ်အားရမှုရှိမယ့် အနေအထားအထား တစ်ခုဖြစ်မယ်"

ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီက ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း လူဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ဆွေးနွေးနေကြပါတယ်။

မြန်မာပါတီစုံ ဒီမိုကရေစီအစီအစဉ် DIPD အဖွဲ့ဟာ အလားတူ ဆွေးနွေးပွဲတွေကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။