ဧရာဝတီတိုင်းမှ ကျေးရွာ ၄၀၀ သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နိုင်
2016.04.11

ဧရာဝတီတိုင်းဒေသကြီးမှာ လာမယ့် ဇွန်လဆန်းလောက်အထိ ကျေးရွာပေါင်း ၄၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့နိုင်ပြီး လောလောဆယ်မှာ ငပုတောမြို့နယ် ဖိုးရွှေပုကျေးရွာမှာ သောက်သုံးရေရှားပါးမှု အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
လူဦးရေ ၂၀၀ လောက်ရှိတဲ့ ဖိုးရွှေပုကျေးရွာမှာ ရေလှောင်ကန်တွေ ခမ်းခြောက်သွားတာကြောင့် နှစ်ရက်ခြား တစ်ခါလောက် သောက်သုံးရေ ဖြန့်ဝေပေးနေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖံ့ွဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်း က ပြောပါတယ်။
"အဆိုးဆုံးကတော့ နှစ်ရက်ခြား တစ်ခါလောက်ပေးနေရတာက ငပုတော ဖိုးရွှေပု ရွာပေါ့၊ သူ့ရွာမှာက ရေမ ထွက်တာဗျ၊ ကျနော်တို့က မိုးရေလှောင်ကန်တွေ ဆောက်ပေးခဲ့တယ်၊ မိုးရေလှောင်ကန်က ဒီနှစ်ရေခမ်း တာ စောသွားတယ်၊ သူနဲ့ခြောက်ဖါလုံလောက်မှာ စိမ့်တွင်းတူးလို့ရတယ်၊ အဲ့ကနေ သောက်ရေနှစ်ရက် တစ်ခါလောက်သယ်ပေးတယ်"
ငပုတောမြို့နယ်အပြင် ပုသိမ်၊ ဘိုကလေး၊ ကြံံခင်း၊ လပွတ္တာ၊ ဖျာပုံ၊ ရေကြည် နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေ က ကျေးရွာ ၂၃ ရွာမှာလည်း ရေငံဝင်ရောက်မှုတွေရှိနေတာကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။
ငပုတောမြို့နယ် ဘုရားလှကျေးရွာအုပ်စုက ကျေးရွာ ၆ ရွာမှာလည်း သောက်ရေလိုအပ်နေတာကြောင့် ပုသိမ်မြို့ပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက သင်္ဘောတွေနဲ့ နေ့စဉ် ပို့ဆောင်ပေးနေရတယ်လို့ ဒေသခံ ဦးချစ်သိန်း က ပြောပါတယ်။
"သုံးရေကတော့ ပြတ်လပ်သွားပြီ၊ သောက်ရေက အခက်အခဲရှိတာပေါ့၊ သုံးရေက အနီရောင်တွေ ရွှံ့ရောင်တွေ အဲ့လိုသဘောမျိုးဖြစ်ပြီးတော့ သောက်ရေက သန့်ရှင်းမှု မရှိတော့တဲ့အတွက် ရေလှူတဲ့အဖွဲ့က လိုင်းသဘောၤတွေ နဲ့ ရေပုံးကို တစ်နေ့တစ်ရာ၊ တစ်ရာ့ငါးဆယ်နှုန်းနဲ့ ချပြီးတော့ ကျေးရွာအရောက် ပို့ပေးနေတာခင်ဗျ"
ဘုရားလှကျေးရွာအုပ်စုမှာ လူဦးရေ ၄ ထောင်ကျော်လောက်ရှိနေတာ ဖြစ်ပါတယ်။ ဘုရားလှကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့မတ်လကစပြီး သောက်သုံးရေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အိမ်ထောင်စုတစ်စုကို ၅ ဂါလံဆန့် တဲ့ သောက်ရေပုံးတစ်ပုံးစီကို ၃ ရက်ခြားတစ်ခါ ဖြန့်ဝေပေးနေတယ်လို့လည်း ဦးချစ်သိန်း က ပြောပါတယ်။
မနှစ်က နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၁၄၀ ကျော် ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုကြောင့် ရေပြတ်လပ်မှု ကြုံတေ့ွရနိုင်တဲ့ ကျေးရွာအရေအတွက် ပိုများလာတာဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။