မွန်ပြည်နယ်မှာ ရွာပေါင်း ၅၀ ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်


2017.04.12
water-shortage-620.jpg ကျေးရွာတစ်ရွာမှာ ဒေသခံတွေကို ရေများဖြန့်ဝေပေးနေစဉ်
Photo: Kyaw Lwin Oo/RFA

ဒီလအတွင်း မွန်ပြည်နယ် မြို့နယ် ၈ မြို့နယ်က ကျေးရွာပေါင်း ၅၀ မှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်တယ် လို့ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည် က ပြောပါတယ်။

နေ့အပူချိန် ပိုမြင့်လာတာကြောင့် ရေရှားပါးမှု ရင်ဆိုင်ရနိုင်တဲ့ ကျေးရွာအရေအတွက် ပိုများလာဖို့ပဲ ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးမျိုးကြည် က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လက မွန်ပြည်နယ်မှာ ရေး၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီလင်းနဲ့ ကျိုက်ထို စတဲ့ ၆ မြို့နယ်က ကျေးရွာ ၂၄ ရွာ ရေရှားပါးခဲ့ပြီး အိမ်ခြေ ၄ ထောင်ကျော် ကို ရေဂါလံ ၅ သောင်းကျော် ကျေးလက်ဦးစီးဌာန က ပေးဝေခဲ့ ပါတယ်။

ဒီလမှာ ကျိုက်မရောမြို့နယ်နဲ့ မုဒုံမြို့နယ်တို့မှာပါ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး မြို့နယ်အလိုက် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွေ မှာ ရေအကူအညီတောင်းနိုင်ဖို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ကြေညာပေးထားတယ်လို့ သိရပါတယ်။

အပူချိန်မြင့်တက်နေတဲ့အတွက် ရေတွင်းရေကန်တွေ ရေအရင်းအမြစ်တွေ ခမ်းခြောက်လာတာကြောင့် ဖြစ်တယ် လို့ သိရပါတယ်။

လက်ရှိရေရှားနေတဲ့ကျေးရွာတွေကို ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ အလှူရှင်တွေက ရေလှူဒါန်းမှုတွေပြု လုပ်နေပြီး ပြည်နယ်အစိုးရအဖွဲ့ကလည်း ရေအကူ အညီပေးနိုင်ဖို့အတွက် မြို့နယ်တစ်မြို့နယ်ကို ငွေကျပ်သိန်း တစ်ရာစီ သုံးစွဲဖို့ စီစဉ်ထားပါတယ်။

အရင်နှစ်တွေက ရေရှားပါးမှု ကြုံတွေ့ခဲ့ရတဲ့ကျေးရွာတချို့ကို ၂၀၁၆ -၂၀၁၇ ဘတ်ဂျက်မှာ ရေတွင်း တူးဖော်ပေးတာ၊ ရေကန်ဖော်ပေးတာ၊ ရေအရင်းအမြစ်တွေ ကနေ သွယ်တန်းပေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။