တီးတိန်မြို့နယ်မှာ လက်နက်ကြီးကြောင့် အဘွားတစ်ဦး သေဆုံး
2024.04.22
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ် တီးတိန်မြို့နယ် မိုင်နွဲရွာမှာ ဧပြီလ ၂၂ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် စစ်ဘေးဒုက္ခသည် သက်ကြီးအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်း မိုင်နွဲရွာကိုမဝင်ခင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၇ နှစ်အရွယ် အဘွားတစ်ဦး ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မိုင်နွဲရွာကို ယောက်ချိုကွင်းရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတစ်ယောက် သေသွားတာ။ သူတို့က ယောက်ချိုကွင်းရွာကနေ ပြေးကြတာပေါ့နော်။ ဒီနေ့မနက်ခင်းအစောမှာ စစ်တပ်က မိုင်နွဲရွာကိုမဝင်ခင် လက်နက်ကြီးနဲ့ပစ်တာမှာ သူ့ကိုသွားထိတာ။ အခုရွာကိုလည်း မီးရှို့နေတယ်”
လက်ရှိမှာ ရွာခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာကြောင့် မိုင်နွဲရွာမှာ နေအိမ်အရေအတွက် ဘယ်လောက်မီးလောက်ပျက်စီးသွားတယ် ဆိုတာကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။
ယောက်ချိုကွင်းရွာဟာ ကလေးမြို့နယ်ထဲမှာ ပါဝင်ပြီး တီးတိန်မြို့နယ် မိုင်နွဲရွာနဲ့ တစ်မိုင်ခန့်သာ ကွာဝေးပါတယ်။ အဲဒီရွာတွေဟာ အိမ်ခြေတစ်ရာခန့်စီရှိတဲ့ ရွာတွေဖြစ်ပြီး စစ်ကြောင်းဝင်လာတာကြောင့် နှစ်ရွာစလုံးက ဒေသခံ တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီနေ့ တစ်ရက်တည်းမှာပဲ ကလေးမြို့နယ် စော်ဘွားရေရှင်ရွာနဲ့ တမူးမြို့နယ် ခါမ်းပါတ်မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က ဧပြီဆန်းပိုင်းကစပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသလို နေအိမ်မီးရှို့ဖျက်ဆီးမှုတွေပါရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။