လားရှိုးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးသေ

RFA Burmese
2023.11.09
လားရှိုးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးသေ တိုက်ပွဲကြောင့် လားရှိုးမြိုပေါ်ကို ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည်တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကောင်းကံရွာမှာ နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက် ခြောက်နာရီလောက်က ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ဆယ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
သေဆုံးသူတွေထဲက အသက် လေးဆယ်အရွယ် အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကိုရောက်ချိန်မှာပဲ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
 
“ရွာအိမ်ခြံဝန်းထဲ ကျတာ။ မနက်အစောပိုင်းပဲ ကလေးတစ်ယောက် သေသွားတယ်။ အသက် ငါးဆယ်ကျော် အမျိုးသမီး တစ်ယောက်လည်း သေသွားတယ်။ နောက်တစ်ယောက်က ဆေးရုံရောက်မှ ဆုံးသွားတာ။ စုစုပေါင်း သုံးယောက် သေဆုံးသွားတယ်”
 
ကျေးရွာအတွင်း သေဆုံးသွားသူ နှစ်ဦးကို ဒီနေ့ နေ့လယ်မှာပဲ မြေမြုပ်သင်္ဂြိုလ်လိုက်တယ်လို့ သူကပြောပါတယ်။
 
အလားတူ စစ်ဘေးဒုက္ခသည် တစ်ရာကျော် ခုံလှုံနေတဲ့ မိုင်းတင်းကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း ဒီနေ့မနက်က လက်နက်ကြီးနှစ်လုံး ကျရောက်ခဲ့တယ်လို့ မိုင်းတင်းရွာခံတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိခဲ့ပါဘူး။
 
လားရှိုးမြို့ခံ အချို့ ကတော့ ဒီမနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံကို ကြားနေရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျေးရွာအတွင်း ကျရောက်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ဘယ်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေကပြောပါတယ်။
 
မိုင်းတင်း၊ တာပုံကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရင်း အချို့ရှိနေပြီး မြောက်ပိုင်းအဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်သလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကျေးရွာတွေအနီး လက်နက်ကြီးကျည်ကျလို့ အရပ်သားတွေ မကြာခဏ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့ မိုင်းတင်းကျေးရွာ ဒေသခံအချို့က ပြောပါတယ်။
 
ဒေသခံတွေ လက်နက်ကြီးထိမှန်တဲ့ သေဆုံးရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်မောင်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
 
မိုင်းတင်း၊ တာပုံ၊ ကောင်းကံ ကျေးရွာတွေဟာ လားရှိုးနဲ့ မိုင်ယော်တိုက်နယ် ကျေးရွာကို သွားတဲ့လမ်းမှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေဖြစ်တဲ့ TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။
 
တိုက်ပွဲတွေကြောင့် မိုင်းတင်း၊ တာပုံ၊ မက်ချီနု၊ ကောင်းကံ၊ ဟိုနမ့်၊ ဆုံကွယ်၊ ကောင်းဖြူ၊ ကောင်းကြဲ၊ အောင်သစ္စာ စတဲ့ကျေးရွာတွေက ဒေသခံတွေ အပါအဝင် လားရှိုးမြို့အနီးတဝိုက် ကျေးရွာတွေက ဒေသခံ တစ်သောင်းနီးပါး လားရှိုးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရာကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
 
RFA က ပြုစုထားတဲ့ စာရင်းတွေအရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက်နေ့ ဒီနေ့အထိ ရှမ်းမြောက်ဒေသ နောင်ချို၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ ပန်ဆိုင်း၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကွမ်လုံမြို့နယ်တွေမှာ ကလေးငယ် ခုနှစ်ဦး အပါအဝင် အရပ်သား သေဆုံးသူ သုံးဆယ်နီးပါးအထိ ရှိလာနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။