ကျောက်တော်မြို့နယ်က ကလေးတစ်ဦး လက်နက်ကျည်ကို ဆော့ကစားရင်း ပေါက်ကွဲမှုကြောင့် သေဆုံး
2019.05.12
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ယိုးချောင်းအတွင်း မီးရပ်ပြင်ကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်း ကျောင်းသားတစ်ဦးဟာ တိုက်ပွဲကြွင်းကျန် လက်နက်ကျည်တစ်ခုကို ယူဆောင်ကစားရာကနေ ပေါက်ကွဲခဲ့တာကြောင့် မနေ့က သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီ ကျောင်းသားဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တစ်ခုကို အိမ်ကိုယူလာပြီး ကစားချိန်မှာ ပေါက်ကွဲခဲ့တာကြောင့် အနားမှာရှိနေတဲ့ ဖခင်ဖြစ်သူလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုအပြီး ဆေးရုံကိုပို့ဆောင်စဉ် လမ်းမှာပဲ ခုနှစ်တန်းကျောင်းသားဟာ သေဆုံးသွားခဲ့တာကြောင့် ကန်စောက်ရဲစခန်းမှာ သေမှုသေခင်းဖွင့်ထားခဲ့တယ်လို့ သိရကြောင်းလည်း ဒေသခံက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ကန်စောက်ရဲစခန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
မီးရပ်ပြင်ကျေးရွာနဲ့ နှစ်ဖာလုံလောက်အကွာ ယိုးချောင်းတံတားပေါ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိကြောင်းနဲ့ အခုလိုပေါက်ကွဲမှုကြောင့် သေဆုံးမှုအကြောင်းကို မသိသေးဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင့်တပ်မတော်ဘက်ကို မေးမြန်းဖို့ RFA က ဆက်သွယ်ပေမယ့် လက်ရှိအချိန်ထိ ဖုန်း လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော် ကို RFA က မေးမြန်းရာမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မသိရှိကြောင်းသာ ပြန်လည်ဖြေကြားပါတယ်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC အဖွဲ့ရဲ့ ထုတ်ပြန်ရေးသားချက်အရ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကြောင့် ရခိုင်ပြည်နယ်မှာ သေဆုံးတဲ့ အရပ်သားပြည်သူ စုစုပေါင်း ရှစ်ဦးအထိ ရှိလာပြီလို့ သိရပါတယ်။