မတ္တရာမြို့ပေါ်ကို လက်နက်ကြီးကျလို့ ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံး

RFA Burmese
2024.07.16
မတ္တရာမြို့ပေါ်ကို လက်နက်ကြီးကျလို့ ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံး မတ္တရာမြို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Myanmar Military Photo

မန္တလေးတိုင်း မတ္တရာမြို့ အမှတ် (၂) ရပ်ကွက်ထဲကို ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ မတ္တရာမြို့ခံတွေက RFA ကို ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့တာလို့ မတ္တရာမြို့ခံတစ်ဦးက ပြောပါတယ်။

“မနက် ၈ နာရီလောက်က ဖြစ်တာ။ လက်နက်ကြီးက ဘယ်လိုကျမှန်းတော့ မသိဘူး။ လူကြီးနှစ်ယောက်နဲ့ ကလေး တစ်ယောက် သေတယ်။ ၄၄ နှစ် တစ်ယောက်၊ ၃၀ တစ်ယောက်နဲ့ နှစ်နှစ်အရွယ် တစ်ယောက်”

လက်နက်ကြီးကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်တယ်ဆိုတာတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာနဲ့လည်း နီးကပ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် မတ္တရာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုကျတဲ့နေရာနဲ့ သူတို့တပ်စွဲထားတဲ့ နေရာနဲ့က သိပ်မဝေးဘူး။ ကိုက်အနေနဲ့ ပြောလို့ရင် တစ်ဆယ်၊ ဆယ့်ငါးကိုက်လောက်ပဲဝေးတာ။ ကျတဲ့နေရာကလည်း သူတို့ အမြဲတမ်း လက်ဖက်ရည်လာသောက်တဲ့ နေရာနဲ့နီးတယ်”

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာဟာ မတ္တရာမြို့ မြို့မဈေး၊ ဘူတာရုံတို့နဲ့နီးပြီး အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား သေဆုံးမှုကလည်း နေ့စဉ်မြင့်တက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။