မိုးကုတ်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ
2024.07.16

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ပန်းမချယ်ရီရပ်ကွက်ကို ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားနှစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။
နောက်ထပ် အသက် လေးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက်ခြောက်ဆယ်အရွယ် အဘွားတစ်ဦး၊ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့လည်း ဒဏ်ရာခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကလေးနဲ့ အဘွားတစ်ယောက်နဲ့က လည်ပင်းကို လက်နက်ကြီးအစတွေ မှန်တာ၊ တော်တော်လေး ဒဏ်ရာပြင်းတယ်။ ဆေးရုံ၊ ဆေးခန်းပို့ဖို့ကလည်း မလွယ်တော့ အိမ်မှာပဲ သိတဲ့တတ်တဲ့ သူတွေက ဝိုင်းဝန်းကုသနေကြတယ်"
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်မြင့်တက်နေပါတယ်။