နောင်ချိုနဲ့ မိုးမိတ်မှာ စစ်ကောင်စီတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း TNLA ပြော

RFA Burmese
2024.06.17
နောင်ချိုနဲ့ မိုးမိတ်မှာ စစ်ကောင်စီတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း TNLA ပြော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ အဝင်တစ်နေရာအား ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေထဲကို စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုပြီး အကြိမ်လေးဆယ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်ရာ ရပ်ရွာတွေထဲကို ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတချို့ စိုးရိမ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အရေအတွက်ဘယ်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတာကိုတော့ TNLA က ပြောမထားပါဘူး။

ဇွန်လ ၁၆ ရက် မနေ့ကတော့ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဆမ္မဆယ်နဲ့ သုံးဆယ်ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေအနီးမှာ TNLA နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF ) တွေ လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်လေ့ရှိတယ်လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

“တစ်နေ့ ညက ည ၁၂ နာရီလောက်အထိ လက်နက်ကြီးပစ်သံကို ကြားရတယ်။ တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူး။ မနေ့က လည်းကြားရတယ်။ အဲဒီ ဆမ္မဆယ်၊ သုံးဆယ်ရွာဘက်တွေကို ပစ်နေတာပဲ”

မိုးမိတ်မြို့နယ်ထဲမှာတော့ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ဒိုးပင်ရွာဘက်ကို လက်နက်ကြီးနဲ့ ရှစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၁၂ ရက်နေ့ကစလို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီတပ်က ကားလမ်းတွေဖျက်ဆီးပြီး လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး စစ်ရေးအခြေအနေ တင်းမာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။