တနင်္သာရီမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

RFA Burmese
2024.07.16
တနင်္သာရီမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး တနင်္သာရီတိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ ဓာတ်ပုံ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်တုံးရွာ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်-၃၀၆ အမြောက်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရှေ့မော်တုံးကျေးရွာအုပ်စု ကမ်းရိုးတန်း (၂) ရွာမှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်မီးငယ် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က လက်နက်ကြီး သုံးလုံး အမှတ် ၃၀၆ အမြောက်တပ်ကနေ လှမ်းပစ်တာ။ လှမ်းပစ်တဲ့အချိန်မှာ အဲဒီ အမျိုးသမီးရဲ့ လက်ရယ်၊ ခေါင်းရယ်ကို ကျည်စထိမှန်သွားတာ။ သူ့ကို ဆေးကုပေးဖို့ဆိုပြီး ခေါ်လာတဲ့ လမ်းမှာ အသက်ဆုံးသွားတယ်”

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပြီး ဇူလိုင်လ ၁၃ ရက်နေ့ကလည်း သာရဖုံရွာဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။