ရေဦးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်
2024.06.17
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖိန်းကားရွာမှာ ဇွန်လ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ သားအဖနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီး သမီးဖြစ်သူက ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ရေဦးမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာ ဖိန်းကားရွာအနီးက ရွှေကန္ဒရီ ဆန်စက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဖခင်ဖြစ်သူ အသက် ၄၀ အရွယ် ဦးဝင်းကျော်မိုး သေဆုံးခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မသိမ့်နန္ဒာဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးကျတော့ အဖေက ပွဲချင်းပြီးသေတယ် သမီးက ဒဏ်ရာပြင်းတော့ ဆေးကုသမှု ခံယူနေရတယ်၊ စိုးရိမ်ရတယ်။ စစ်တပ်ကတော့ လက်နက်ကြီးနဲ့ ပစ်တာတော့ ညတိုင်းလိုလို အရပ်မျက်နှာစုံကို ပစ်နေတာ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။