မုန်တိုင်းငယ်ကို အဝါရောင်အဆင့် သတ်မှတ်ထား
2017.07.18

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မနက်ဖြန်မှာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်မှာဖြစ်တာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာတော့ လေပြင်းထန်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"မုန်တိုင်းငယ်က မနက်ဖြန်လောက်ဆိုရင် အိန္ဒိယအရှေ့ဘက်ကမ်းခြေကို ဝင်သွားမှာပေါ့နော်။ သူ့ရဲ့ သက်ရောက်မှုကတော့ ကျနော်တို့ဆီကို ကမ်းရိုးတန်းတွေမှာ မိုင် ၄၀ လောက် လေတိုက်နိုင်တဲ့ အနေ အထားရှိတယ်။ ကျန်တဲ့ဥစ္စာတွေကတော့ အိန္ဒိယအနောက်မြောက်ဘက်ထဲကို ဦးတည်နေတာကြောင့် အိန္ဒိယအရှေ့ဘက် ကမ်းခြေထဲကို ဝင်သွားမယ့် အနေထားရှိတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရွာနေတာကတော့ တောင်တရုတ်ပင်လယ်မှာ တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းအကြွင်းကျန် တိမ် တိုက်တွေကြောင့် မနက်ဖြန်အထိ မိုးများနေဦးမယ့် အနေထားရှိတယ်။"
တောင်တရုတ်ပင်လယ်က လွှင့်ပါလာတဲ့ တိမ်တိုက်တွေကြောင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ရှမ်း၊ ကယား ၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေး၊ ပဲခူးနဲ့ ရန်ကုန် တို့တွေမှာ မနက်ဖြန်အထိ မိုးကြီးနိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီးကမ်းဝေး၊ ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ သတိပြုကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
မုတ်သုံမိုးကောင်းနေတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်တို့မှာ မိုးသည်းနေပြီး အရှေ့လေပွေလှိုင်းကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မိုးများနိုင်တယ်လို့လည်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားထားပါတယ်။
ဒ့ါအပြင် ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေကြီးတာကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေ မှာ ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုပေါင်း ၁ သောင်း ၃ ထောင်လောက်နဲ့ လူဦးရေ တစ်သိန်းနီးပါးလောက် ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။