ဒေါက်တာ ဇော်မြင့်မောင်ပုံနဲ့ လှောင်ပြောင်စာတင်သူကို ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်
2019.09.18
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ပုံတွေမှာ လှောင်ပြောင်တဲ့စာတွေရေးသားပြီး တင်နေတဲ့ We Love Dauk Zaw ဖေ့စ်ဘွတ်ဂရု ဖွင့်လှစ်ထားသူ နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ဒေါက်တာ ဇော်မြင့်မောင် ဓာတ်ပုံပေါ်မှာ စာရေးသားပြီး ဂရုမှာတင်တဲ့ Aung Pyae San Win နဲ့ Swan Ka Bar အကောင့်ပိုင်ရှင်ကို အရေးယူပေးဖို့ ဝန်ကြီးချုပ်ကိုယ်စား မန္တလေးတိုင်းဒေသကြီး NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ကိုပုညဆွေက အမှုဖွင့်တိုင်ကြားထားတာဖြစ်ပါတယ်။
အမှုဖွင့်ခံထားရတဲ့ ဒီနှစ်ယောက်ဟာ ဘယ်သူတွေ ဖြစ်တယ်၊ ဘယ်ဒေသမှာ နေထိုင်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ပါတီရဲ့တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်စား တရားလိုလုပ်ပြီး ဂုဏ်သိက္ခာညှိုးနွမ်းအောင်၊ ပြည်သူလူထု အထင်အမြင်မှားအောင် လွန်လွန်ကျူးကျူး ရေးသားသူတချို့ကို တရားစွဲထားတာဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားထားတဲ့ ကိုပုညဆွေက RFA ကို ပြောပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က Love ဆိုတာ အသုံးချပြီး လုပ်ချင်ရာလုပ်လို့ မရကြောင်း RFA ကို ပြောပါတယ်။
We Love Dauk Zaw ဂရုမှာ ဒေါက်တာ ဇော်မြင့်မောင်ပုံနဲ့အတူ ပါးချခံရမယ်၊ ကျွန်တော် သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ၊ ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်၊ မင်းဆော်ထက် ငါ့ဆော်က ပိုမိုက်တယ်စတဲ့ ရေးသားချက်တွေက ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး အမှုဖွင့်ထားတာလို့ သိရပါတယ်။
အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ချမ်းမြသာစည် ရဲစခန်းနဲ့ အမှုဖွင့်ခံထားရသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)