တရုတ်နဲ့ ပိုနီးမှာကို အနောက်နိုင်ငံတွေ မလိုလား
2018.09.05

ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနရှိ တရုတ်ရေးရာကျွမ်းကျင်သူ Murray Hiebert မားရီ ဟိဘာ့တ် က မြန်မာအစိုးရကို ရခိုင်ပြည်နယ်က လူမျိုးတုံးရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ မလွယ်ပါဘူး၊ လုံခြုံရေးကောင်စီမှာ တင်ပြလာရင် လက်ခံမှာ မဟုတ်ဘူးလို့ တရုတ်နဲ့ ရုရှားက ပြောထားပြီးပါပြီ။ တပြိုင်နက်မှာပဲ မြန်မာနိုင်ငံကို တရုတ်အစိုးရ ရင်ခွင်ထဲ ပိုမိုပြီး တွန်းထည့်လိုက်သလိုဖြစ်မှာကို အမေရိ ကန်ပြည်ထောင်စုနဲ့ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ရှောင်ကျဉ်လိုကြတယ်လို့ ပြောကြားလိုက်ပါတယ်။
အလားတူ နယူးယောက် အခြေစိုက် CFR နိုင်ငံခြားဆက်ဆံရေးကောင်စီက ပညာရှင်တဦးဖြစ်တဲ့ Joshua Kurlantzick ဂျော့ရူဝါ ကာလန်းစစ် ကလည်း အာရှဒေသအတွင်း တရုတ်ပြည်နဲ့ အပြိုင်အဆိုင်ဖြစ်နေကြ တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေအနေနဲ့ ဒီကိစ္စကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးပျက်မှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိုမိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေပြုလုပ်မှာကို နိုင်ငံရေး သြဇာတက္ကမ ကြီးမားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် မစ်ချ်မက်ကောနယ်လ်လို ပုဂ္ဂိုလ်တွေက တားဆီးမှာဖြစ်တယ်လို့ Murray Hiebert မားရီ ဟိဘာ့တ် က ပြောပါ တယ်။ ဒါ့အပြင် အရင်က ဒီမိုကရေစီပြောင်းလဲရေးအတွက် မြန်မာ့တပ်မတော်အပေါ် ဖိအားပေးပိတ်ဆို့ တာ မြင်လိုတဲ့ မြန်မာနိုင်ငံသား အများအပြားကလည်း အခုတော့ ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓါတ်ကြောင့် တပ်မတော်ကို ထောက်ခံနေကြတယ်လို့ သူက သုံးသပ်ပါတယ်။
ဒီအတောအတွင်း မြန်မာ့အရေး လေ့လာသူတွေတချို့ကလည်း ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်အပြင် ရုရှားနဲ့လည်း ပိုပြီးအနေနီးသွားနိုင်ကြောင်း သတိပေးပြောဆိုနေကြပါတယ်။