ဝက်လက်မြို့နယ်က အရပ်သားနှစ်ဦး သတ်ဖြတ်ခံရ
2023.05.24

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ လှတောရွာမှာ မေလ ၂၃ ရက်က အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်ခဲ့တယ်လို့ ဝက်လက်ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကိုင်းမြို့နယ်၊ ဆားတောင်ဘက်ကနေ အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က လှတောရွာကို စီးနင်းခဲ့ပြီး ဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ကျော်အရွယ်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေ လှတောရွာထဲဝင်လာချိန် ညောင်ပင်သာရွာသားနှစ်ယောက်က ဆိုင်ကယ်စီးလာရင်း စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံလိုက်ရတာ။ ဖမ်းပြီး သူတို့ကို လှတောရွာအနီးမှာပဲ သတ်ခဲ့တယ်။ ရင်ဘတ်တွေကို ဓားနဲ့ထိုးသွားတယ်၊ သေနတ် ဒဏ်ရာလည်း တွေ့ပါတယ်”
သတ်ဖြတ်ခံရသူတွေဟာ ညောင်ပင်သာရွာက ဖြစ်ပြီး ဆိုင်ကယ်စီးလာရင်း စစ်ကြောင်းနဲ့ တိုးပြီး လှတောရွာအနီးမှာ သတ်ဖြတ်ခံရတာပါ။
ဒီ့အပြင် စစ်ကောင်စီတပ်က ယာတောထဲ နှမ်းရိတ်နေကြတဲ့ လှတောရွာနဲ့ တကောင်းမင်း ရွာက အရပ်သား ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဧပြီလ ၂၇ ရက်ကလည်း ဝက်လက်မြို့နယ် အနောက်ဘက်အခြမ်းက လှတောရွာ အပါအဝင် ရွာခြောက်ရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက် ထုတ်ပြန်ချက် တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းက အရပ်သား ၃၅၆၇ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။