ရခိုင်ဒေသ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွေကို WFP ကူညီမည်
2020.09.16

ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားနိုင်ရေးအတွက် အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းမှာ နေထိုင်နေရသူတွေကို အသင့်စားသုံးနိုင်တဲ့ အစားအစာ ထောက်ပံ့မယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က စက်တင်ဘာ ၁၅ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။
တစ်ရက် သုံးနပ်စာ ထောက်ပံ့မယ်၊ ကူညီမယ့်အချိန်ကာလကို ကန့်သတ်ထားတာမရှိဘဲ အခု စက်တင်ဘာလ ကုန်ပိုင်းအထိ အခြေအနေတွေကို ပြန်လည် သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့ WFP ရဲ့ ဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးထက်ဦးလင်းက RFA ကို ပြောပါတယ်။
စားနပ်ရိက္ခာအကူအညီတွေကို ကျောက်ဖြူ၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနဲ့ အမ်းမြို့နယ်တွေက အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွေမှာ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်အတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ WFP တို့ ပြီးခဲ့တဲ့အပတ်က လက်မှတ် ရေးထိုးသဘောတူညီခဲ့ကြ တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်ပြည်နယ်တဝှမ်းက လူပေါင်း ၁၅၀၀ ဝန်းကျင်ဟာ အစိုးရ စီစဉ်ထားတဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွေမှာ ရောက်ရှိနေကြရတယ်လို့ သိရပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ရခိုင်ပြည်နယ် အပါအဝင် တခြားဒေသတွေမှာပါ ရိက္ခာနဲ့ အာဟာရလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး အတွက် အစိုးရရဲ့ ဆောင် ရွက်ချက်တွေမှာ အကူအညီ လိုအပ်သရွေ့ အခုထက်ပိုပြီး ပါဝင်ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
အခြားပြည်နယ်နဲ့တိုင်း ၁၀ ခုက အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွေမှာ ရှိနေတဲ့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ကာလတို စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေ ပေးအပ်နေတဲ့ WFP ဟာ နေရပ်ပြန်ဦးရေ ခြောက်သောင်းကျော်ကို ကူညီခဲ့ပြီး ဖြစ်တယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။