WFP ရဲ့ စားနပ်ရိက္ခာထောက် ပံ့ရေး ဒေါ်လာသန်း ၄ဝ ခန့် လိုအပ်
2015.12.03

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ် ဇွန်လအထိ ဆောင်ရွက်သွားနိုင်ဖို့အတွက် အမေရိကန် ဒေါ်လာသန်း ၄ဝ ဝန်းကျင် လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝဘေး၊ စစ်မက်ဘေး၊ အကြမ်းဖက်ဘေးတွေ ကြုံတွေ့ခဲ့ရလို့ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေသူပေါင်း ၆ သိန်း ကျော်ရှိနေတယ်လို့ WFP က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာ ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံတွေ့ခဲ့ရာမှာ ၁၇၂ ယောက် သေဆုံးခဲ့ရပြီး၊ လူနှစ်သန်းနီးပါး ယာယီနေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။ အဲဒီထဲက ၄ သိန်းခွဲ နီးပါးနဲ့ဟာ စားနပ်ရိက္ခာ အထောက်အပံ့ လိုအပ်နေသူတွေဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၃ သန်းဝန်းကျင်ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုအဆင့်အောက်မှာ နေထိုင်ကြရပြီး၊ နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်ဟာလည်း အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွားခံစားနေရပါတယ်။
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတဲ့သူ ၆ သိန်းလောက် ရှိတဲ့အထဲမှာ အခုနှစ်အတွင်း နိုင်ငံအနှံ့ ရေကြီး မှုတွေကြောင့် ဘေးဒုက္ခကြုံရတဲ့ လူပေါင်း ၄ သိန်း ၄ သောင်းကျော်နဲ့ ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တွေက စစ်ဘေးနဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းနီးပါး ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့် ပြဿနာတွေ များပြားပေမဲ့ ၂၀၃၀ ပြည့်နှစ်မှာ ငတ်မွတ်ခေါင်းပါးမှု လုံးဝပပျောက်သွားရေး ဆိုတဲ့ ရည်မှန်းချက် ထမြောက်အောင်မြင်မယ်လို့ မျှော်လင့်ကြောင်းလည်း WFP က ပြောပါတယ်။