နိုင်ငံသားမဟုတ်သူမဲပေးခွင့် ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြ
2015.02.11

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒမဲပေးခွင့်ပြုလိုက်တာကို ရန်ကုန်မြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဝှိုက်ကဒ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုလိုက်တာဟာ ရခိုင်လူမျိုးတွေရဲ့ အရေး ကိစ္စသာမဟုတ်ဘဲ တစ်နိုင်ငံလုံး အရေးဖြစ်တာကြောင့် အခုလိုကန့်ကွက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင် က ပြောပါတယ်။
"အဓိကဒီကိစ္စဟာ ရခိုင်တစ်ခုထဲအရေးကိစ္စမဟုတ် ဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကိုစိန်ခေါ်နေတဲ့ ကိစ္စတွေဖြစ်တယ်၊ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ အနေနဲ့ ဂုဏ်သိက္ခာအရ ကျနော်တို့လုပ်သင့် လုပ် ထိုက်တယ်ထင်လို့ကျနော်တို့ လုပ်တာပါ"
ဆန္ဒပြပွဲကို ယာယီသက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေးကော်မတီက ဦးဆောင် ကျင်းပတာဖြစ်ပြီး ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့ကနေ တာမွေမြို့နယ် က ကျိုက္ကဆံလူထုဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြကြ တာဖြစ်ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေး ခွင့်ပြုလိုက်တဲ့အပေါ် ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ကန့်ကွက်ဆန္ဒပြကြမှာဖြစ်ပါတယ်။
ဒီအတောအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့် ပြုဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးထံ စာပေးပို့ ထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။
လွှတ်တော်ဝင်းအတွင်းမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၈ ဦးကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဌကတဆင့် ခုံရုံးထံတင်ပြထားပါတယ်။