အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ် အိမ်ဖြူတော် အတည်ပြု

မြန်မာနိုင်ငံကို အမေရိကန် သမ္မတ ဘားရက် အိုဘားမား သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က မနေ့က အတည်ပြုပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ (၁၇)ရက်နေ့ကနေ (၂ဝ)ရက်နေ့အထိ ကျင်းပမယ့် အာဆီယံညီလာခံကို တက်ရောက်ဖို့အသွားမှာ ထိုင်းနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

2012.11.08
whitehouse_305 အမေရိကန် သမ္မတ အိမ်ဖြူတော်ပုံ
Photo: whitehouse website

မြန်မာနိုင်ငံကို ရောက်ရှိမယ့် နေ့ရက်ကို အိမ်ဖြူတော်က အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ တချို့သတင်းတွေမှာတော့ နိုဝင်ဘာ (၁၉)ရက်နေ့မှာ မြန်မာနိုင်ငံကို အိုဘားမား ရောက်ရှိမယ်လို့ ဖေါ်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာပြည်ဒီမိုကရေစီ ပြာင်းလဲရေးအတွက် အင်မတန်အရေးပါမယ့် ခရီးဖြစ်ပါတယ်လို့ မြန်မာပြည်အရေး အထူးလေ့လာသူ အမေရိကန်သုတေသီတဦးဖြစ်တဲ့ မိုက်မစ်ချယ်လ် Mike Mitchell ကပြောပါတယ်။

ဒါဟာ သမ္မတအိုဘားမားက သူတို့အစိုးရအနေနဲ့ မြန်မာပြည်ရဲ့ အရေးပါမှုကိုအလေးအနက်ထားကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ သမ္မတအနေနဲ့ ပါတီ ၂ခုလုံးကို ကိုယ်စားပြု သွားရောက်တဲ့ခရီးစဉ် လည်းဖြစ်ပါတယ်လို့ သူကပြောပါတယ်။

အခုလို သမ္မတအိုဘားမား မြန်မာပြည်သွားရောက်မယ့်သတင်းကို RFA က နိုဝင်ဘာ (၂)ရက်နေ့ကပင် ထုတ်လွှင့်ခဲ့ဲပြီးဖြစ်ပါတယ်။ အဲဒီနေ့က ရရှိတဲ့သတင်းအရဆိုရင်တော့ အိုဘားမားဟာ ထိုင်းနိုင်ငံကို ၁၆ရက်နေ့ရောက်မှာ သွားရောက်မှာ ဖြစ်ပြီး ၁၇ရက်နေ့မှာ နေပြည်တော်ကိုသွားရောက်ကာ ၁၈ ရက်နေ့မှာ မြန်မာပြည်က ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှိစဉ် သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့ တခြားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ဆိုပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ဘာတွေပြောကြားမယ် ထင်ပါသလဲလို့ မိုက်မစ်ချယ်လ် Mike Mitchell  ကိုမေးမြန်းရာမှာတော့ လက်ရှိ မြန်မာပြည် ဒီမိုကရေစီအရေးဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်း ပြောကြားမယ့်အပြင် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ဖို့၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူလူထုအနေနဲ့ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖေါ်ခွင့် ပိုမိုရရှိဖို့လိုကြောင်း စတာတွေကို ပြောကြားမယ်လို့ ယူဆကြောင်း မြန်မာ့အရေးလေ့လာသူ မိုက်မစ်ချယ်လ် Mike Mitchell ကပြောပါတယ်။

ဒီခရီးစဉ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဝါရှင်တန် ဒီစီမြို့တော်ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံကို လာမယ့် ၁၃ ရက်နေ့မှာ ကြိုတင်သွားရောက်မယ်လု့ိသိရပါတယ်။

အမေရိကန်သမ္မတနဲ့အတူ ရာနဲ့ချီတဲ့ အရာရှိတွေ သတင်းထောက်တွေ လိုက်ပါကြမှာဖြစ်ပြီး အဲဒီ သူတွေအတွက် လိုအပ်တဲ့ ဗီဇာထုတ်ပေးဖို့ ပြီးခဲ့တဲ့လကပင် မြန်မာသံရုံးမှာ ကြိုတင်လျှောက်ထားခဲ့တယ် လို့လည်း ဝါရှင်တန် သံတမန်အသိုင်းအဝန်းက သတင်းရပါတယ်။ ဝါရှင်တန် မြန်မာသံရုံးက ဝန်ထမ်းတွေလည်း ဒီခရီးစဉ်အတွက် အင်မတန် အလုပ်များနေကြတယ်လို့ ဆိုပါတယ်။

မစ္စတာ အိုဘားမား ရဲ့ အခုခရီးစဉ်ဟာ အမေရိကန်သမ္မတတစ်ဦး ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်တဲ့ သမိုင်းဝင် ခရီးစဉ် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။