WHO ယာဉ်တိုက်ခိုက်ခံရတဲ့ သက်သေတွေ တင်ပြဖို့ လမ်းဖွင့်ထားကြောင်း စုံစမ်းရေးကော်မတီပြော
2020.06.10
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မော်တော်ယာဉ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတော် သမ္မတက ကော်မတီဖွဲ့စည်းပေးပြီး စစ်ဆေးနေတာ တစ်လနီးပါး ရှိပြီဖြစ်ပါတယ်။
လက်ရှိမှာ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်သလို သက်သေခံတွေ ပေးပို့နိုင်ဖို့ အချိန်မရွေး လမ်းဖွင့် ထားတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ အောင်သူရိန်က RFA ကို ပြောပါတယ်။
“ကျွန်တော် ပြောနိုင်တာကတော့ လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်နေတာရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု တွေလည်း ရှိကြပါတယ်။ ရခိုင်ပြည်နယ်ကိုလည်း ပထမတစ်ကြိမ် ကွင်းဆင်းသွားပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာတွေရှိတယ်။ တွေ့ဆုံသင့် တွေ့ဆုံထိုက်တဲ့ သူတွေနဲ့လည်း တွေ့ဆုံတာတွေရှိတယ် မေးမြန်းတာတွေ ရှိတယ်ပေါ့နော်။ သက်သေခံတွေ ပေးချင်တယ်ဆိုရင် ကျွန်တော်တို့ အချိန်မရွေး လမ်းဖွင့်ပေးထားပါတယ် ဆိုတာလေး ပြောချင်ပါတယ်။”
စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ပထမအကြိမ် စတင်ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဒေါက်တာ အောင်သူရိန် က ပြောပါတယ်။
ဒါပေမဲ့ AA အဖွဲ့အပါအဝင် ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမေးမြန်း စစ်ဆေးတာတွေ လုပ်ဆောင်ဖို့ ရှိ၊ မရှိ ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်ကတော့ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဟာ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တာရှိပေမယ့် ဒေသခံအရပ်ဘက်က လူတွေနဲ့ တွေ့ဆုံမေးမြန်းတာ တွေ မရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့နဲ့ တွေ့ဆုံခဲ့တာမရှိဘူး၊ အရပ်ဖက်က လူတွေနဲ့လည်း တွေ့ဆုံခဲ့တာမရှိဘူး။ ဌာနဆိုင်ရာတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အဲဒီကနေမှ အခင်းဖြစ်ပွားတဲ့နေရာကို သွားခဲ့တယ်လို့ သိရတယ်။ လွှတ်တော် ဥက္ကဋ္ဌက တဆင့် အရပ်ဘက်က လူတွေနဲ့ တွေ့ဆုံမယ် ဆိုတာတော့ ပြောတာရှိတယ်။ အဲဒါကိုလည်း သူတို့က မြေပြင်ကိုဆင်းပြီးတော့ တွေ့မယ့်အနေအထားမျိုး မဟုတ်ဘူး။ အစိုးရအဖွဲ့ရုံးကို ခေါ်ပြီးတော့ တွေ့မယ်ဆိုတဲ့ အပေါ် အရပ်ဘက်က လူတွေကတော့ အဲဒီကို သွားပြီးဖြေကြားဖို့ အနေအထားတော့ ပြောတာမရှိဘူး။ အောက်ခြေကို ဆင်းလာရင်တော့ အရပ်ဘက်က လူတွေကတော့ တွေ့ချင်တဲ့သူတွေကတော့ ရှိတယ်။”
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ကော်မတီတစ်ရပ်နဲ့ စုံစမ်းစစ်ဆေးဖို့ ပြည်တွင်းအခြေစိုက် လူမှုအဖွဲ့အစည်း ၂၉၀ က ဧပြီလ ၂၃ ရက်နေ့က တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တိုက်ခိုက်ခံရတဲ့ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီကိစ္စ စုံစမ်းစစ်ဆေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
ဒီဖြစ်ရပ်ဟာ ဘယ်အဖွဲ့ကမဆို ကျူးလွန်နိုင်တာကြောင့် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ သတင်းမှန်ပေးနိုင်မယ့် သူတွေကို ဘက်ပေါင်းစုံကနေ ရှာဖွေဖို့ လိုအပ်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒီကာလမှာ ဘယ်သူပဲမဆို ကျူးလွန်နိုင်တာမျိုး ရှိနိုင်တယ်။ အဲဒီတော့ ခိုင်လုံတဲ့ သက်သေအထောက်အထား ကို ရှာပါ။ တစ်ဘက်တည်းမဟုတ်ဘဲ ဘက်ပေါင်းစုံနဲ့ သက်ဆိုင်တဲ့ သူတွေ၊ သတင်းအခြေအနေမှန်ကို ပေးနိုင်တဲ့သူကို ရှာဖွေတွေ့ရှိပါ။ နောက်တစ်ခုကတော့ အဲဒီလို သတင်းအခြေအနေပေးတဲ့သူတွေအပေါ်မှာ အန္တရာယ်ပြုတာတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်ဖို့အတွက် ခိုင်လုံတဲ့ အချက်နဲ့ ကာကွယ်မှုပေးပါ။ ဒါမှသာ တိကျသောအခြေအနေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရ ကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကိုသွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရတာပါ။
WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ကတော့ အဲဒီနေ့ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်သွားပြီး ကျန်းမာရေးဝန်ထမ်း ဦးအောင်မျိုးဦးကတော့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
WHO ယာဉ် တိုက်ခိုက်ခံရတဲ့နေရာဟာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာ ဖြစ်ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ သမ္မတ ဖွဲ့ပေးထားတဲ့ ကော်မတီဖြစ်လို့ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ကော်မတီရဲ့ ကွင်းဆင်းလုပ်ဆောင်ချက်တွေကို ကူညီပေးသွားမှာဖြစ်လို့ စစ်ဆေးတွေ့ရှိချက် ရလဒ်တွေကလည်း သမာသမတ်ကျတဲ့ရလဒ် ထွက်ပေါ်လာလိမ့်မယ် RFA ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို AA အဖွဲ့က ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်စေချင်ရင် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ နဲ့ လုပ်မှ ဖြစ်မှာဖြစ်ကြောင်းနဲ့ ဒီလိုအဖွဲ့မျိုးက စုံစမ်းတဲ့စစ်ဆေးတာမျိုးကိုပဲ AA ဘက်က ပူးပေါင်း ဆောင်ရွက် နိုင်မယ်လို့ မေလ ၁ ရက်နေ့က RFA ကို ပြောကြားထားပါတယ်။