ရွာထဲကို ဆင်ရိုင်းဝင်နင်းလို့ လူတစ်ဦး သေဆုံး
2017.04.23

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဆင်ကူးရွာဟောင်းမှာ မနေ့က ရွာထဲကို ဝင်လာတဲ့ တောဆင်ရိုင်း အနင်းခံရပြီး လူတစ်ယောက် သေဆုံးသွားပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ၊ သစ်တောရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတချို့လုံခြုံရေးယူပြီး စောင့်ပေးနေ ရကြောင်းနဲ့ ရွာအနီးက တောထဲမှာ ရှိနေတဲ့ တောဆင် ရိုင်းကို ဝိုင်းပြီး မောင်းထုတ်လိုက်ရကြောင်း တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောပါတယ်။
"ဆင်က ရွာနားမှာရှိတဲ့ တောအုပ်ထဲမှာ မထွက်ဘဲနဲ့ သူက အောင်းပြီးတော့ အရိပ်ခိုနေ တာပေါ့။ နေ့ခင်းဘက်ဆိုတော့။ ရဲနဲ့ သစ်တောရဲနဲ့ မြို့မှာရှိတဲ့ ၃၀၈ က စစ်တပ်နဲ့ပေါ့ ။ အကူညီတောင်းပြီးတော့ သူတို့လာပြီးတော့ စောင့်ပေးတယ်ရှင့်။ ညက တညလုံးတော့ ဆင်က အစောင့်တွေ ရှိတော့ ရွာထဲကိုတော့ မဝင်နိုင် ဘူးရှင့်။ ဒါပေမဲ့ တောထဲမှာတော့ မွှေတာပေါ့။ ညကနဲ့ အခု မနက်ပိုင်းမှာတော့ ဆင်မောင်းတဲ့အဖွဲ့တွေ ရောက်လာ ပြီးတော့ တောဆင်ရိုင်းကို တောထဲ ကိုမောင်းတယ်ရှင့် ။ လမ်းမှာတော့ နည်းနည်းပျောက်သွားလို့ ပြန်ရှာနေရတယ်။ ရွာနဲ့တော့ နည်းနည်းဝေး သွားပြီရှင့်"
မနေ့က မနက်ပိုင်းက ဆင်ကူးရွာဟောင်းထဲကို တောဆင်းရိုင်းတစ်ကောင် ဝင်ရောက်လာတာကြောင့် ကျေး ရွာသားတွေ ဝိုင်းမောင်းကြရင်း ရွာသားတစ်ယောက် ဆင်နင်းခံရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
တောဆင်ရိုင်းအန္တရာယ်ရှိတာကြောင့် ရွာထဲက သက်ကြီးရွယ်အိုနဲ့ ကလေးငယ် အယောက် ၆၀ လောက်ကို ဆင်ကူးရွာသစ်က ဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခဏပို့ထားခဲ့ရတယ်လို့ သိရပါတယ်။
ဆင်ကူးရွာဟောင်းထဲကို တောဆင်ရိုင်း ထပ်မဝင်လာစေဖို့အတွက် အခုအချိန်အထိ လုံခြုံရေးယူပြီး စောင့်ကြည့်နေ ကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။