တရားဝင်ကုန်သွယ်ရေးဖြစ်ဖို့ ဆွေးနွေးမည်


2018.12.01
105mile-trade-zone-622 မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေတဲ့အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တေ့ွဆုံဆွေးနွေးမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

မူဆယ်မြို့မှာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင် ကျင်းပမယ့် နယ်စပ်ကုန်စည်ပြပွဲမှာ ဆွေးနွေးဖို့ စီစဉ်ထားတာလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း က ပြောပါတယ်။ အဲဒီကုန်စည်ပြပွဲကို ယူနန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

၂၀၁၈ နှစ်လယ်လောက်ကစပြီး တရုတ်အစိုးရဘက်က ကုန်သွယ်ရေးကို တင်းကျပ်လိုက်ရာမှာ အခုဆိုရင် မြန်မာဘက်ကနေ ပို့ကုန်တင်ပို့နိုင်မှု သိသိသာသာ လျော့ကျနေခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆန်နဲ့ ပြောင်းဖူးစေ့ တင်ပို့မှု အများဆုံးဖြစ်ပြီး တရုတ်အစိုးရဘက်က ဆန်အပေါ်မှာ အခွန် ၅၀ ရာခိုင်နှုန်းကျော် ကောက်ယူကာ ပြောင်းဖူးစေ့ကတော့ ၅၀ ရာခိုင်နှုန်းနီးပါး ကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဆင့်မြှင့်တင်ပြီး တရားဝင် ကုန်ပစ္စည်း တင်ပို့နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မူဆယ်မြို့မှာ ကျင်းပမယ့် နယ်စပ်ကုန်စည်ပြပွဲမှာ နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေကို တရားဝင်အခွန်ပေးဆောင်ပြီး တင်ပို့နေပေမယ့် တရုတ်နိုင်ငံအစိုးရက အခွန်တင်းကျပ်ထားတဲ့အတွက် တရုတ်သည်တွေက တရားမဝင် ဝယ်ယူတာသာများနေတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

ဒီနှစ်လယ်လောက်ကစပြီး တရုတ်အစိုးရဘက်က ကုန်သွယ်ရေး တင်းကျပ်လိုက်တဲ့အပြင် ပြီးခဲ့တဲ့ တစ်လလောက် ကလည်း တရုတ်ရဲတွေက လုံခြုံရေးတင်းကျပ်လိုက်တာကြောင့် မြန်မာဘက်ကနေ ပို့ကုန်တင်ပို့နိုင်မှု မရှိသလောက်ဖြစ်နေတာလို့ သိရပါတယ်။

အဲဒီလို ပို့ကုန်တင်ပို့နိုင်မှု ရပ်တန့်နေတာကြောင့် တရုတ်နိုင်ငံကို တင်ပို့နေကျဖြစ်တဲ့ ဆန်၊ ပြောင်း စတဲ့ ပို့ကုန်တွေ ဂိုဒေါင်မှာ ထားရတဲ့အချိန်ကြာလာပြီး ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

"သူတို့ဘက်မှာ အခွန်မြှင့်တာကို။ ကျနော်တို့ဆီက ပို့တဲ့ စပါး၊ သကြားတို့ ပြောင်း တို့ရှိမယ်။ သူတို့ဆီမှာက ကိုတာ စနစ်နဲ့ပဲ ဝယ်တာကိုး။ အဲဒီ ကိုတာ စနစ်ကုန်သွားရင် အခွန်ကောက်တာ ဈေးကြီးတယ်။ ဈေးကြီးတော့ သူတို့ကုန်သည်တွေကိုယ်တိုင်က ကျနော်တို့ဆီက ခိုးဝယ်တာတော့ မဟုတ်ပါဘူး။ ခိုးသွားတာပေါ့။ အခုက ခိုးသွားရခက်ခဲတဲ့အတွက် မရဘူးပေါ့။ သူတို့က ကိုတာ နဲ့သွားရင် ၁၇ ရာခိုင်နှုန်း ပဲ အခွန်ဆောင်ရတယ်။ ကိုတာ မဟုတ်ရင် ရာခိုင်နှုန်း ၅၀ ကျော်လောက် ဆောင်ရတယ်။ အဲဒါကြောင့် သူတို့ဘက်က ကုန်သည်တွေကလည်း ခိုးသွားရတာဖြစ်တဲ့အတွက် လောလောဆယ်တော့ ကျနော်တို့ဘက်မှာ ကြန့်ကြာတာ ရှိတာပေါ့။ အဲ့အတွက်ကြောင့် ကျနော်တို့ ကုန်သည်တွေအနေနဲ့က နစ်နာတာပေါ့။ နစ်နာတာက ကုန်သည်တွေတင် မဟုတ်ဘဲ ကားသမားတွေလည်း ပါတာပေါ့။ ကားတွေက ချက်ချင်းမဝင်ရဘဲ ကုန်ချမယ့်နေရာရောက်ဖို့အတွက် လမ်းပေါ်မှာ သုံးလေးရက်လောက် တန်းစီပြီး စောင့်နေရတယ်။ အရင်ကဆို စက်လှေဆိပ်တွေကနေလည်း ကဲ့ တာရှိတာကိုး။ အဲဒါတွေလည်း အကုန်ပိတ်ထားတော့ ကားတွေက ချက်ချင်းမဝင်နိုင်ဘူးဖြစ်တာ။ ကားသမားတွေအတွက်ကလည်း နစ်နာတာပေါ့။ ကုန်သည်တွေကတော့ ချက်ချင်းရောင်းလို့ရပြီး ပစ္စည်း သယ်သွားတယ်ဆိုရင် သူတို့အတွက် ဂိုဒေါင်ချထားတဲ့စရိတ်တွေ ကားအတွက်ပေးရမယ့် နစ်နာကြေးတွေ သူတို့အတွက် သက်သာတာပေါ့။ ငွေပေါ်လည်း မြန်တာပေါ့"

မူဆယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကိုကို ပြောသွားတာပါ။

တရုတ်နိုင်ငံကို ဆန်နဲ့ ပြောင်းဖူးစေ့တွေ အများဆုံးတင်ပို့တာဖြစ်ပြီး သကြားကတော့ အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ရရှိတာဖြစ်ပါတယ်။

တရားဝင်ကုန်သွယ်ခွင့်မရှိတာကြောင့် မြန်မာဘက်က ကုန်ပစ္စည်းတွေ ဈေးမရကြဘူးလို့ မူဆယ်မြို့က ကုန်သည် ဦးချမ်းသာဦး က ပြောပါတယ်။

"အခုပြောင်းဆိုလည်း အရင်ဈေးတွေလောက် မရဘူး။ ဆန်ဆိုလည်း အရင်ဈေးလောက် မရဘူး။ ပြီးရင် သွားရေးလာရေးလည်း ခက်ခဲတယ်။ ပုံမှန်ရောင်းဝယ်မှုမဟုတ်ဘဲ အခုက ရောင်းဝယ်မှုက နှေးကွေးပြီး သွားနေတဲ့ပုံစံမျိုးပေါ့"

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေးမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပြီး နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော် ရှိနေတာပါ။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် ကချင်ပြည်နယ်က ကန်ပိုက်တီး၊ လွယ်ဂျယ်တို့မှာ ကုန်သွယ်ရေးစခန်းတွေရှိပြီး ရှမ်းပြည်နယ်က မူဆယ် နဲ့ ချင်းရွှေဟော်တို့မှာ ကုန်သွယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ကုန်သွယ်မှုပမာဏက ပိုများတယ်လို့ သိရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း က နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး အဆင်ပြေချောမွေ့အောင် ကုန်စည်ပြပွဲမှာ အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

"ဒါက နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးတာပါ။ မြန်မာဘက်ကရော တရုတ်ဘက်ကရော သက်ဆိုင်ရာဌာနအားလုံး ပါဝင်ပါတယ်။ ဒီလိုအစည်းအဝေးတွေကနေ နှစ်နိုင်ငံ ကုန်သွယ်မှုရော၊ ပူးပေါင်းဆောင်ရွက်မှုရော ချစ်ကြည်ရင်းနှီးမှုရော မြှင့်တင်ပေးတဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်"

ဒီကုန်စည်ပြပွဲဟာ နှစ်နိုင်ငံ နှစ်စဉ် အလှည့်ကျ ကျင်းပတာဖြစ်ပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအကြား နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်နိုင်ရေး ဆွေးနွေးနိုင်ဖို့ကို ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက မြန်မာအစိုးရဘက်က တရုတ်အစိုးရ တာဝန်ရှိသူတွေဆီ ဆက်သွယ်ပြီး တရားဝင်ကုန်သွယ်ခွင့်အတွက် ညှိနှိုင်းခဲ့တဲ့အပြင် သံတမန်နည်းလမ်းအရ တင်ပြတောင်းဆိုထားတာ တွေလည်း ရှိခဲ့ပေမယ့် ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် မကြာခင် ကျင်းပမယ့်ပွဲကိုလည်း တရုတ်အစိုးရဘက်က တိကျခိုင်မာပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အကြီးအကဲတွေ တက်ရောက်မှသာ အခက်အခဲတွေ ဝင်ရောက်ဖြေရှင်းပေးနိုင်ပြီး အောင်မြင်နိုင်မှာဖြစ်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

တရုတ် သမ္မတ ရှီကျင့်ပင် ဒုတိယသက်တမ်းအတွင်း နယ်စပ်ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲမှာ တင်းကျပ်မှုတွေများလာတဲ့အတွက် မြန်မာကုန်သည်တွေကတော့ ဒီဆွေးနွေးပွဲအပေါ်မှာ မျှော်လင့်ချက်သာရှိပြီး လက်တွေ့မှာ အောင်မြင်နိုင်ခြေနည်းတယ်လို့လည်း ပြောကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။