အကျဉ်းထောင်ဆူပူအောင်ရည်ရွယ်လှုံ့ဆော်တဲ့ သတင်းမှား ဖြန့်ဝေသူတွေကို အရေးယူမည်
2019.05.27
အကျဉ်းထောင်ဆူပူမှုဖြစ်အောင် ရည်ရွယ်ပြီး လှုံ့ဆော်တဲ့အနေနဲ့ သတင်းမှားတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေနေသူတွေကို တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အကျဉ်းဦးစီးဌာနက မနေ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား ချစ်ပို(ခ) ဝေယံဖြိုး ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာကြောင်း၊ ရပ်ကွက်အတွင်း နေထိုင်သူတွေ ကြောက်ရွံ့နေကြကြောင်း၊ အကျဉ်းထောင် တာဝန်ရှိသူတွေကို အရေးယူဖို့ ဌာနဆိုင်ရာကို ပုတ်ခတ်စော်ကားတဲ့ သတင်းတွေကို လူမှုကွန်ရက်စာမျက်နှာ တချို့မှာ ဖြန့်ဝေနေတာတွေ့ရတယ်လို့လည်း အကျဉ်းဦးစီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလိုဖြန့်ဝေနေတာတွေဟာ ထောင်ဝင်စာတွေ့ချိန်မှာ မိသားစုတွေကနေတစ်ဆင့် အကျဉ်းသားတွေကို သိစေပြီး ထောင်တွင်းမှာ ဆူပူမှုဖြစ်ဝေဖို့ ရည်ရွယ်ကာ သွေးထိုးလှုံ့ဆော်နေတာ ဖြစ်တယ်လို့လည်း အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။